တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်နေသည့် ဒေသခံ ၅ ဦးနှင့် ပျူစောထီး ၁ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်နေသော ဒေသခံ ၆ ဦးကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
စမ်းလှမ်းကျေးရွာရှိ ရေလုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၆၀ နှစ်အရွယ် ဒေါ်အုန်းရီနှင့် အသက် ၃၆ နှစ်အရွယ် သမီးဖြစ်သူဒေါ်ဇင်မာစိုး၊ ပျူစောထီး ဦးသိန်းဇော်၊ အသက် ၅၈ နှစ်အရွယ်ဦးအောင်မိုးနှင့် အသက် ၃၃ နှစ်အရွယ် သားဖြစ်သူကိုရှိန်းသူရိန်မိုး၊ အသက် ၃၃ နှစ်အရွယ်ကိုဇော်ဇော်ငြိမ်းတို့ကို ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူအဖြစ် ကျော်ကြားသည့် ဒေါ်အုန်းရီ၏ နေအိမ်ကို ရှာဖွေချိန် မူးယစ်ဆေး အရောင်းအဝယ်စာအုပ်နှင့်အတူ WY ၁၇ ပြား၊ ရေတပ်စစ်သင်္ဘော CO ထံ ဆက်ကြေးကောက်ပေးသည့်စာရင်း၊ စစ်ကြောင်းမှူးအပါအဝင် စရဖဗိုလ်ကြီး၊ နေပြည်တော် ဗိုလ်များနှင့် အကြီးပိုင်းအရာရှိတို့၏ ဖုန်းနံပါတ်များ ရေးမှတ်ထားသော မှတ်စုစာအုပ်ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
၎င်းတို့လက်ကိုင်ဖုန်းကို စစ်ဆေးချက်အရ စစ်ကောင်စီအပါအဝင် ကျောက်နီမော် ပျူစောထီးချစ်စမ်းမောင်နှင့် ဆက်သွယ် ပြောဆိုထားသည့်အပြင် ဖမ်းဆီးချိန်က အိမ်မှာကျန်ရစ်သူမရှိတောတာကြောင့် ရွှေငွေနှင့် ဆိုင်ကယ်သုံးစီးကိုလည်း လုံခြုံရေးအရ ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ဦးအောင်မိုးနှင့် သားဖြစ်သူ ကိုရှိန်းသူရိန်မိုးတို့သည် စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းနှင့် ဆက်သွယ်ကာ တိုင်ကြားဖူးသည့်ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့ပြီး ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကိုပါ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
သို့သော် ကိုရှိန်းသူရိန်မိုး၏ ထွက်ဆိုချက်ကိုမူတည်ပြီး နောက်နောင်စစ်ကောင်စီနှင့် မပတ်သက်ရန် သတိပေးခဲ့ပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းကာ သိမ်းဆည်းခဲ့သည့် ကားနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စမ်းလှမ်းကျေးရွာရှိ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသည့် ဒေသခံ ၄ ဦးနှင့် ပျူစောထီး ၁ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း လုပ်ဆောင်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လကလည်း တနင်္သာရီတိုင်းတွင် စစ်ကာင်စီတပ်က အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူ ၃၃၄ ဦးထက်မနည်းရှိခဲ့ပြီး ၆၃ ဦး ပြန်လွတ်လာခဲ့သည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Thanintharyi ၏ အစီရင်ခံစာအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။