လူထုကိုကာကွယ်ရန် ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေး ကြိုးပမ်းမည်ဟု KNDF ပြောဆို

By MPM 15 မေ, 2025 👁

တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများကို အကာအကွယ်ပေးနိုင်သည့် ပြည်ထောင်စုကာကွယ်ရေးတပ်တရပ် ပေါ်ပေါက်ရေးကို ကြိုးပမ်းကြမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောဆိုလိုက်သည်။

မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး၊ ကလေးသူငယ် ၂၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် သဘောထားထုတ်ပြန်ခဲ့ရာတွင် KNDF က ထိုသို့ပြောဆိုထားသည်။

KNDF က “မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ တော်လှန်ရေးကာကွယ်ရေးတပ်များနှင့်အတူ အရပ်သားပြည်သူနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သော အနာဂတ်ပြည်ထောင်စု ကာကွယ်ရေးတပ်တရပ် ပေါ်ပေါက်ရေးကို ကြိုးပမ်းကြရမည်ဟုတိုက်တွန်းသည်” ဟု မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမိုကာကွယ်နိုင်ရန်အတွက် ပြည်ထောင်စုတပ်တရပ် ပေါ်ပေါက်လာအောင်ကြိုးစားကြရမည်ဟု KNDF က ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ချက်ထဲတွင် ဖော်ပြလာခြင်းလည်းဖြစ်သည်။

ပြည်ထောင်စု ကာကွယ်ရေးတပ်တရပ်ပေါ်ပေါက်ရေးကို လုပ်ဆောင်နိုင်ရန် ကြိုးပမ်းကြရမည့် အခြားတဖက်တွင် စစ်ကောင်စီ၏လုပ်ရပ်များကို မသိကျေးကျွန်ပြုပြီး စစ်ကောင်စီ၏အင်အားကို အထောက်အကူပြုနေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ၎င်းတို့ကျူးလွန်မှုများနှင့်အတူ ထပ်တူတာဝန်ရှိကြောင်း ပြောကြားလိုပါသည်ဟု KNDF က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အပစ်အခတ်ရပ်စဲရေးကာလများ ထုတ်ပြန်ထားသော်လည်း နိုင်ငံအတွင်းရှိ နေရာအနှံ့အပြားကို နေ့စဉ်ရက်ဆက် အရပ်သားပြည်သူများနေရာတွင် ပစ်မှတ်ထားပြီး နည်းမျိုးစုံ တိုက်ခိုက်ကျူးလွန်သတ်ဖြတ်နေသည်ကို အရေးယူရေးနှင့် စစ်လက်နက် ပစ္စည်းအထောက်အပံ့တားဆီးရေးများ စသည်တို့ကို ဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် KNDF က ထပ်မံတိုက်တွန်းသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေမှုများအားလုံးကို စစ်ရာဇဝတ်ကျူးလွန်မှု ဖြစ်ရပ် သက်သေများအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများအားလုံးကို ပြင်းထန်စွာ အရေးယူနိုင်ရန်အတွက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောဆိုသည်။

NMG ပေးပို့သည်။