လယ်သွားကြည့်ပြီး ပြန်လာတဲ့ တောင်သူတဦး အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရ

By MPM 6 အောက်တိုဘာ, 2026 👁 26

ရှမ်း-ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နယ်မှာ လယ်စိုက်ပျိုးထားတဲ့ တောင်သူအမျိုးသားတဦး လယ်သွားကြည့်ပြီး ပြန်လာချိန်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေရှိရာဖက်ကို ဒရုန်းနဲ့ တကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“လယ်သွားကြည့်ပြီး ပြန်လာတဲ့အချိန်မှာ လေးနာရီ၊ ငါးနာရီဝန်းကျင်မှာဖြစ်တာ” လို့ ထိခိုက်ဒဏ်ရာရသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လက်မောင်းမှာ ဒရုန်းဗုံးစထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်တယ်လို့ အထက်ပါနီးစပ်သူက ဆက်ပြောပါတယ်။

အလားတူ မွန်းလွဲ ၂ နာရီဝန်းကျင်မှာလည်း တောင်သူတွေ စပါးရိတ်သိမ်းနေတဲ့ နေရာတခုကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ကင်းထောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်း-ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နဲ့ အနီးတဝိုက်မှာ အာဏာသိမ်းစစ်တပ်က လေယာဉ်၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိတ်သိမ်းရာသီဖြစ်တဲ့ လက်ရှိကာလမှာ ဒေသခံတောင်သူတွေဟာ စိုးရိမ်မှုတွေကြားက သတိထားပြီး လယ်ယာလုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ်)