မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာထဲနှင့် ရွာအပြင်ဘက်တွင် လက်နက်ကြီး ကျည် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကျောင်းရွာဒေသခံများက ပြောဆိုသည်။
“မနေ့ (စက်တင်ဘာ ၁၂) ညနေက ရွာထဲမှာ လက်နက်ကြီး ၃ လုံး ကျလာတယ်။ စာသင်ကျောင်းမှာ တစ်လုံး ကျတယ်။ ရွာလယ်လမ်းမတန်း ဆေးရောင်းတဲ့ ဆိုင်နားမှာ တစ်လုံးကျတယ်။ အုန်းတောဘက်ခြမ်းမှာရှိတဲ့ ဈေးထဲမှာ တစ်လုံးကျတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းရွာဒေသခံများက ပြောသည်။
ကျည်ထိမှန်ဒဏ်ရာရ အမျိုးသမီးတစ်ဦးက “တချို့အလုပ်လုပ်နေသူတွေက လက်နက်ကြီးအပိုင်းအစ လွင့်လာတော့ ထိသွားတယ်။ ကျမအပါအဝင် လူ ၇ ယောက် ထိ သွားတယ်။ လက်နက်ကြီးက ကျမတို့ အိမ်ရှေ့တည့်တည့် ကျလာတော့ ဈေးဆိုင်ဆိုတော့ ပျက်စီးဆုံးရှုံးသွားတာ များတယ်။ ခေါင်းနည်းနည်း ထိသွားတယ်” ဟု ပြောပါသည်။
လက်နက်ကြီးကျည်တစ်လုံးသည် ကျောင်းရွာ အထက (၂) စာသင်ကျောင်း အနောက်ဘက်တွင် ကျရောက် ပေါက်ကွဲ ခဲ့သည့်အတွက် ကျောင်းရှိ ဆရာ၊ ဆရာများ ကျောင်းသားကျောင်းသူများ ထိန့်လန့်ခဲ့ရသည်ဟု သိရသည်။
ကျည်စထိမှန် ဒဏ်ရာရသူများအနက်မှ မချမ်းဆိုသည့် အမျိုးသမီး၎င်းမှာ ရေးမြို့ဆေးရုံးတွင် ဆေးကုသမှု ခံယူနေရပြီး ကျန်သူများသည် ကျောင်းရွာဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
ကျောင်းရွာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ထောက်ခံသော တယ်လီဂရမ်ချန်နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ လက်ချက်ဟု ရေးသားထား သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်က လာရောက် စစ်ဆေးခြင်း မရှိဘဲ ဒေသခံတို့အတွက် လုံးခြုံရေးအကာကွယ်ကင်းမဲ့နေကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။
IMNA ပေးပို့သည်။