ရှမ်းပြည်အတွင်း စိတ်ကြွဆေးကုန်သွယ်မှု ကမ္ဘာ့ဈေးကွက်များအထိ ကျယ်ပြန့်လာကြောင်း GI-TOC ထုတ်ပြန်

By MPM 6 အောက်တိုဘာ, 2026 👁 37

မြန်မာနိုင်ငံ၊ ရှမ်းပြည်၏ စိတ်ကြွရူးသွပ်ဆေး (Methamphetamine) စီးပွားရေးသည် အရှေ့တောင်အာရှ ဒေသတွင်း၌တင် မကတော့ဘဲ သြစတြေးလျနှင့် နယူးဇီလန်အပါအဝင် ကမ္ဘာ့ဈေးကွက်များအထိ ကျယ်ပြန့် လာနေကြောင်း အပြည်ပြည်ဆိုင်ရာ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအဖွဲ့အစည်း (GI-TOC) ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ရှမ်းပြည်သည် မဲခေါင်ဒေသတွင်း စိတ်ကြွရူးသွပ်ဆေး၊ မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း GI-TOC ၏ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာပါအချက်အလက်များအရ မဲခေါင်ဒေသ မူးယစ်ဆေးဝါး စီးပွားရေးသည် စိုးရိမ်ဖွယ်ပြောင်းလဲမှုများ ကြီးကြီးမားမားဖြစ်ပေါ်နေသည်။

အစောပိုင်းတွင် ဈေးကွက်အတွင်း စိတ်ကြွရူးသွပ်ဆေး တခုတည်းသော လွှမ်းမိုးထားရာမှ ယခုအခါ အခြားသော စွဲလမ်းမှုဖြစ်စေသည့် (Synthetic) ဓာတုနည်းဖြင့် ပေါင်းစပ်ဖန်တီးထားသော မူးယစ်ဆေးဝါး အမျိုးအစားများပါ စိမ့်ဝင်လာပြီး ရောင်းဝယ်ဖောက်ကားမှုများ ရှိလာနေသည်။

မူးယစ်ဆေးထုတ်လုပ်မှုနှင့် ကုန်ကူးမှုများကို ဂိုဏ်းတစ်ခုတည်းက ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှု၊ ကြားပွဲစားနှင့် ငွေကြေးစနစ် စသည်တို့ဖြင့် အဆင့်လိုက် အကွက်ချ လုပ်ကိုင်နေသည့် ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်ဖြစ်လာပြီး ပါဝင်နေသူများသည်လည်း ၎င်းတို့နှင့် တိုက်ရိုက်ဆက်စပ်သူများကိုသာ သိရှိကြသည်။

အဂတိလိုက်စားမှုသည် မူးယစ်ဆေးဝါး စီးပွားရေး တစ်ခုလုံးကို လည်ပတ်ရန်အတွက် အခြေခံကျသော အရေးပါသော အဆောက်အအုံတစ်ခုကဲ့သို့ ဖြစ်လာနေပြီး အထူးသဖြင့် နယ်စပ်ဒေသ သို့မဟုတ် နယ်စပ်နှင့် နီးကပ်စွာ တာဝန်ထမ်းဆောင်သော အရာရှိများသည် ပိုမို ပါဝင်ပတ်သက်နေကြသည်။

ကုန်ကူးသည့်စနစ်များသည် အကာအကွယ်ပေးသူများ၊ အဂတိလိုက်စားသော အရာရှိများ၊ နယ်စပ်ပွဲစားများ၊ ကုန်သွယ်ဖြန့်ဖြူးရေး လမ်းကြောင်းများ၊ တရားမဝင် ငွေကြေးစနစ်များ၊ ဟန်ပြ စီးပွားရေးလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်များ ဖြင့်လည်ပတ်နေပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အသုံးပြုသော အခြေခံစနစ်များနှင့် အတူတူပင် ဖြစ်သည်။

မဲခေါင်ဒေသ မူးယစ်ဆေး ဈေးကွက်၏ ကြီးမားမှုနှင့် အခြေအနေအချိန်အခါကိုလိုက်၍ ပြောင်းလဲလာနိုင်စွမ်းတို့ကြောင့် သြစတြေးလျနှင့် နယူးဇီလန်ကဲ့သို့ ဈေးကွက်ဝယ်လိုအား မြင့်မားလာလျက်ရှိသည်။

ထို့ပြင် ဈေးကောင်းရသည့် အလှမ်းဝေးသော နိုင်ငံများအထိ ရေကြောင်း၊ ပါဆယ်လ်များနှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ပို့ဆောင်လာကြသဖြင့် ထိုနိုင်ငံများအတွက် အလွန်စိုးရိမ်ရသည့် အန္တရာယ်တခုအဖြစ် ဦးတည်လာနေသည်။

GI-TOC ၏ သုတေသနပြုချက်များအရ ရှမ်းပြည်သည် အိမ်နီးချင်းနိုင်ငံများအတွက်သာ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာ မဟုတ်တော့ဘဲ မဲခေါင်ဒေသမှတစ်ဆင့် အလှမ်းဝေးသော ကမ္ဘာ့ဈေးကွက်များအထိ ချိတ်ဆက်ပို့ဆောင်ပေးလာနိုင်နေသည့် ဆန်းသစ်သော၊ အဆင့်မြင့်သော စနစ်တကျအကွက်ချထားသည့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တစ်ခုဖြစ်လာနေသည်။

သျှမ်းသံတော်ဆင့်