ရွေးကောက်ပွဲကိုကူညီခြင်းသည် အာဏာရှင်ကို ထောက်ခံခြင်းမဟုတ်ဟု DKBA ပြော

By MPM 12 စက်တင်ဘာ, 2025 👁

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးရေးကိစ္စနှင့်ပတ်သက်ပြီး အကူအညီပေးခြင်းသည် အာဏာရှင်ကို ထောက်ခံခြင်းမဟုတ်ဟု ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် DKBA အဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံ့အနာဂတ်အတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်၍ DKBA မှ ပြည်သူ့အတွက် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက “လက်ရှိ နိုင်ငံရေးအခြေအနေကိုကြည့်ရင် လက်နက်နဲ့ဖြေရှင်းဖို့မဖြစ်နိုင်ဘူး။ သူနိုင်လိုက် ကိုယ်နိုင်လိုက်နဲ့ လူထုတွေပဲထိခိုက်တယ်။ လက်နက်နဲ့မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာတာက အကောင်းဆုံးလို့မြင်တယ်။ လူထုကမဲသွားပေးချင်တယ်ဆိုရင် ကျနော်တို့မနှောင့်ယှက်ဘူး သူတို့ သဘောဆန္ဒအတိုင်းပဲ။ ဒါက အာဏာရှင်ကိုထောက်ခံတာမဟုတ်ဘူး” ဟု ပြောသည်။

လာမည့် ရွေးကောက်ပွဲအတွက်ကိုမူ ကရင် နိုင်ငံရေးပါတီ ၃ ခုမှ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိကထား ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေမှုများရှိကြောင်းလည်း ပါတီနိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

“မြန်မာအစိုးရက ရွေးကောက်ပွဲပြန်လုပ်မယ်၊ အရပ်သားအစိုးရပြန်ရွေးမယ်ဆိုတာ ဒီလိုလူထု ကိုယ်စားလှယ်မျိုးရှိလာမှပဲ ဒေသအတွက် လိုအပ်ချက်ကိုတင်ပြလို့ရမယ်။ ကျနော်တို့ ဒီလိုဆုံးဖြတ်တယ်ဆိုတာကလည်း လူထုတွေကို ပံ့ပိုးကူညီတာပဲ။ မြန်မာစစ်တပ်ကို ထောက်ခံတာမဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး စောစိန်ဝင်းက ဖြည့်စွက်ပြောသည်။

ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြဝတီမြို့နယ်အတွင်း DKBA တို့လည်း ထိန်းချုပ်လှုပ်ရှားနေသည်။

DKBA အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၀ ရက်နေ့က ဆုံဆည်းမြိုင်တွင်လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပဋိပက္ခကြားက စစ်ကောင်စီ၏ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို ရွေးကောက်ပွဲ ပါဝင်နိုင်မည်မဟုတ်ဟု မှတ်ချက်ပေးခဲ့သေးသည်။

ထို့နောက် စက်တင်ဘာလ (၄) ရက်နေ့က DKBA ထိန်းချုပ်ဒေသတွင် အသေခံဒရုန်းများဖြင့် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

လက်ရှိအချိန်ထိလည်း အာရှလမ်းမကြီးနှင့် မြဝတီဒေသနယ်မြေစိုးမိုးရေးအတွက် စစ်အုပ်စုမှ အင်အားသုံး လုပ်ဆောင်လာခြင်းကြောင့် မြို့ပေါ်မှအပ အနီးတဝိုက်တွင် စစ်ရေးတင်းမာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့မှ သိရသည်။

တော်လှန်ရေးသက်တမ်းရင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကမူ စစ်အုပ်စုရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကြောင်း သဘောထားထုတ်၍ ရွေးကောက်ပွဲမအောင်မြင်ရေး တွန်းအားပေးနှိုးဆော်နေသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲကို ထောက်ခံသည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ BGF/KNA ကလည်း ၎င်းတို့ဒေသမှာ မဲပေးမည့်သူများအန္တရာယ်ကင်းရေး ကူညီသွားမည့်အကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

ကေအိုင်စီ