မွန်ပြည်နယ်၊ ရေးမြို့နယ်ပညာရေးမှူးရုံးကို ရာမညပြောက်ကျားတပ်ဖွဲ့ (YGF) က ဇန္နဝါရီ ၂၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရေးမြို့ခံတစ်ဦးက “ဒီမနက်ဖြစ်သွားတဲ့ ပညာရေးမှူးရုံး တိုက်ခိုက်ခံရမှုမှာ အပြန်အလှန်ပစ်ကြတာလည်းရှိတယ်။ ဒါပေမယ့် ထိခိုက်တာတော့ မကြားမိဘူ” ဟု ပြောသည်။
ရေးမြို့ အထက (၁) ကျောင်းနှင့် ကပ်လျက်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးကို ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ရာမညပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။
မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်စဥ် ပညာရေးမှူးရုံးအတွင်း စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့နှင့် အပြန်အလှန်ပစ်ခတ်မှု ခဏတာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်နိုင်သည့်အတွက် ဆုတ်ခွာခဲ့ရသည်ဟု ရာမညပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ရှိသူက ပြောသည်။
စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု ရာမညပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။
ရာမညပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “မကြာခင်မှာ စစ်ကောင်စီရဲ့ စစ်ကျွန်ပညာသင်စနစ် တစ်နှစ်တာကာလ ကုန်ဆုံးတော့မှာဖြစ်ပြီး စစ်ကျွန်ပညာရေးကို အကောင်အထည်ဖော် အသက်သွင်းနေတဲ့ သူတို့ရဲ့အကြံတွေ အထမမြောက်စေချင်သောကြောင့် အခုလို တိုက်ခိုက်ခြင်းဖြစ်တယ်” ဟု ပြောသည်။
ရေးမြို့နယ် ပညာရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်သည့်ဖြစ်စဥ်တွင် ရာမညပြောက်ကျားတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရာမည ပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရုံးများနှင့် စစ်ကောင်စီထောက်တိုင်များကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
NMG – ပေးပို့သည်။