ရုရှားနှင့် စစ်အုပ်စု ကုန်သွယ်ရေးစနစ်သစ် စာချုပ်ချုပ်၊ အာဆီယံအချက်အလက်လုံခြုံရေး စိုးရိမ်စရာဖြစ်လာ

By MPM 18 ဩဂုတ်, 2026 👁 62

အမေရိကန်နှင့် ကနေဒါတို့၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် ရုရှားအခြေစိုက် Astra Group နည်းပညာအဖွဲ့အစည်းနှင့် စစ်အုပ်စုသည် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ယင်းစာချုပ်အရ မြန်မာ့သွင်းကုန်၊ ပို့ကုန်လုပ်ငန်းစဉ်တခုလုံးကို အွန်လိုင်းမှကိုင်တွယ်မည့် “National Single Window” စနစ် တည်ဆောက်ခွင့် Astra Group က ရရှိမည်ဖြစ်ကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်သည်။

အဆိုပါ စာချုပ်ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က နေပြည်တော်၌ စစ်အုပ်စု အကောက်ခွန်ဦးစီးဌာနနှင့် Astra Group ၏ လက်အောက်ခံ Astra Consulting LLC တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယင်းစနစ်သည် စစ်အုပ်စု ထိန်းချုပ်ထားသော ဝန်ကြီးဌာနများ၏ ကုန်သွယ်ရေးလိုင်စင်များနှင့် စာရွက်စာတမ်း အချက်အလက်အားလုံးကို ဗဟိုပြု ကိုင်တွယ်မည်ဖြစ်သည်။

Astra Group သည် ရုရှားစစ်တပ်နှင့် FSB ထောက်လှမ်းရေးအဖွဲ့များသို့ နည်းပညာ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့၏ Astra Linux စနစ်ကို ယူကရိန်းစစ်ပွဲတွင်အသုံးပြုသည့် ရုရှားစစ်တပ်၏ ပင်မကွပ်ကဲရေးစနစ်များ၌ အဓိကအသုံးပြုထားကြောင်း သိရသည်။

ယခု တည်ဆောက်မည့်စနစ်သည် အာဆီယံဒေသတွင်း ကုန်သွယ်ရေးကွန်ရက်ဖြစ်သည့် ASEAN Single Window နှင့် ချိတ်ဆက်ရမည်ဖြစ်ရာ အပိတ်ဆို့ခံ ရုရှားအဖွဲ့အစည်းတခုက အာဆီယံ ဒေသတွင်း ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ လျှို့ဝှက်အချက်အလက်များထံ ဝင်ရောက်ကြည့်ရှုနိုင်မည့် အန္တရာယ်ရှိနေကြောင်း JFM က ထောက်ပြထားသည်။

ထို့အပြင် Astra Group အား ဥရောပသမဂ္ဂ (EU)၊ ဗြိတိန်နှင့် ဩစတြေးလျတို့ကပါ အမြန်ဆုံး ပိတ်ဆို့အရေးယူရန်နှင့် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီတင်သွင်းနေမှုများကို ထိရောက်စွာ တားဆီးပေးရန်လည်း JFM က တောင်းဆိုထားသည်။

မဇ္ဈိမ