ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးနေသဖြင့် တပ်သားစုဆောင်းမှု အခြေအနေအဆိုးဆုံးဖြစ်နေကြောင်း သတင်းအရင်းမြစ်များထံက သိရသည်။
ယခုလာမည့် သင်တန်းအပတ်စဉ် (၂၈) တွင် လူပြည့်မီရန် စစ်အုပ်စုက တပ်သားစုဆောင်းမှုအတွက် ဩဂုတ်လ၏ လနောက်ဆုံးအပတ်မှ စက်တင်ဘာလ ပထမပတ်အထိ နှစ်ပတ်တာကာလအတွင်း စုစုပေါင်း အမျိုးသား ၇၀ ကျော်အထိရှိပြီး မြေပြင်တွင် လက်ရှိအရေအတွက်ထက် ပိုများနိုင်ကြောင်း ရန်ကုန်မြေပြင်ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network – RSN) က မဇ္ဈိမသို့ ပြောသည်။
“စက်တင်ဘာ ပထမအပတ်ထဲ လူလိုက်ဆွဲခံရတာ ၃၅ ယောက်လောက်ထိရှိတာ သိခဲ့ရပါတယ်။ ဩဂုတ်လ နောက်ဆုံးပတ်တုန်းက ဆွဲခံရသူတွေနဲ့ပါပေါင်းရင် အယောက် ၇၀ ယောက် ရှိခဲ့ပါတယ်ဗျ။ ဒါက ကျွန်တော်တို့ သိရသလောက်ပါ၊ မြေပြင်မှာ အဲ့ထက်ဆိုးပါတယ်ဗျ။ အရင်လတွေထက် ၅၀ ရာခိူင်နှုန်းလောက် ပိုများတယ်လို့ ယူဆပါတယ်ဗျ။ ရှေ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၇) တုန်းက လူအရနည်းခဲ့လို့ ဖိအားပေးခံရပြီး ခု (၂၈) အလှည့်မှာ အသည်းအသန်လိုက်ဆွဲသွားတာလို့လည်း ကြားပါတယ်။ တော်တော် လူလိုနေပုံပဲ” ဟု ၎င်းကပြောသည်။
ပုံမှန်အခြေအနေတွင် စစ်မှုထမ်းသင်တန်းသစ် မစတင်ခင်အချိန်၌ ရန်ကုန်မြို့စွန်ဘက် ဆင်ခြေဖုံးရပ်ကွက်များတွင်သာ အရပ်အခေါ် ပေါ်တာဆွဲခြင်း (တပ်သားစုဆောင်းမှု) ကို လုပ်လေ့ရှိသော်လည်း လက်ရှိတွင်မူ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်ဘက်ကဲ့သို့ မြို့တွင်းဘက်များအထိပါ လူပြတ်သည့်နေရာများတွင် နေ့ခင်းဘက် ဖမ်းဆီးစုဆောင်းမှုများပြုလုပ်နေဟု ၎င်းကဆိုသည်။
တပ်သားစုဆောင်းရာတွင် တောင်ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်းမြို့နယ်များက အများဆုံးဖြစ်ခဲ့ပြီး မြောက်ဒဂုံ၊ လှိုင်၊ တာမွေ၊ ရွှေပြည်သာမြို့နယ်ဘက်မှာလည်း များပြားကြောင်း RSN ၏ အဆိုအရ သိရသည်။
မဇ္ဈိမဘက်က စုံစမ်းထားချက်အရ သာကေတ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ ပုဇွန်တောင်၊ လသာမြို့နယ်များတွင် လမ်းသွားလမ်းလာများကို တပ်သားစုဆောင်းရန် စစ်အုပ်စုက ဖမ်းဆီးနေသည်ကို မျက်မြင်တွေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
“အခုက အသက်မပြည့်သေးတဲ့ ကျောင်းသားအရွယ်တောင် ဖမ်းပြီးရင် ပြန်လွှတ်မလိုလိုနဲ့ အရွယ်ကောင်းဆိုပြီး တခါတည်းခေါ်သွားတာ။ သိထားရသလောက် ပုစွန်တောင်၊ သာကေတ၊ မရမ်းကုန်း အကြမ်းဆုံးပဲ။ မရမ်းကုန်းဘက်မှာဆို ကလေးတယောက်ကို သိန်း ၁၆၀ နဲ့ သွားရွေးရင်ရတယ်ဆိုပြီး သွားထုတ်တာ မရတော့ဘူး၊ သင်တန်းကျောင်းပို့လိုက်ပြီဆိုလို့ သူ့အမေ ရင်ထုမနာဖြစ်နေတာ” ဟု ရန်ကုန်မြို့ခံတဦးက မဇ္ဈိမသို့ပြောသည်။
များသောအားဖြင့် အသက် ၂၀ နှင့် ၃၅ နှစ်ကြားအမျိုးသားများ ဖမ်းဆီးခံရပြီး တခါတရံ ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်နှင့် အသက် ၄၀ အထက် အသက်ကြီးပိုင်းများလည်း ဖမ်းဆီးခံရမှုများရှိကြောင်း ဒေသခံများကဆိုသည်။
ဖမ်းဆီးခံရသူများကို ပြန်လည်ရွေးထုတ်ရန် ကာယကံရှင်မိသားစု ငွေကြေးတတ်နိုင်သည့်အပေါ်နှင့် ငွေတောင်းသည့်အပေါ်မူတည်ပါ၍ ပျမ်းမျှအနည်းဆုံး ၄,၀၀၀,၀၀၀ ကျပ်မှ အများဆုံး သိန်း ၁၀၀ ကျော် တောင်းလေ့ရှိကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းသစ် စတင်ရန်နီးလာသည့်နေ့များတွင် ညမှောင်ချိန် လူတဦးစ နှစ်ဦးစ မသွားလာကြရန်၊ လူပြတ်သည့်နေရာများတွင် အသွားအလာဆင်ခြင်ရန်၊ မိမိရပ်ကွက်၊ ကျေးရွာ၌ စစ်မှုထမ်းကိစ္စနှင့် ပတ်သက်သည့်သတင်းများ နားစွင့်ထားရန်နှင့် ယာယီရှောင်တိမ်းရနိုင်မည့်နေရာကို အဆင်သင့်တွေးထားရန်၊ မိမိဘက်က အရေးပေါ်ဆက်သွယ်ရမည့် လူနှစ်ဦး၏ ဖုန်းနံပါတ်များ အလွတ်ကျက်ထားရန် RSN က အကြံပြုသည်။
ရန်ကုန်မြို့တွင်း ယခုနောက်ပိုင်း တပ်သားစုဆောင်းမှုအတွက် ဖမ်းဆီးမှုပိုများလာခြင်းကြောင့် ဆယ်ကျော်သက်နှင့် အသက် ၂၀ ကျော်အရွယ် လူငယ်အရွယ် မိသားစုဝင်များမှာ နေ့စဉ် စိုးရိမ်ထိန့်လန့်နေကြရသည်။
ထို့အပြင် မန္တလေးတိုင်း သာစည်မြို့နယ်တွင်လည်း ယခင်လို စစ်မှုထမ်းကြေးပေး၍မရတော့ဘဲ စစ်မှုထမ်းအကျုံးဝင်သည့် အမျိုးသားမှန်သမျှ စစ်မှုထမ်းရမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက ယခုရက်ပိုင်းအတွင်း အသိပေးထားကြောင်း သာစည်မြို့သတင်းအရင်းမြစ်ထံက သိရသည်။
အာဏာသိမ်းစစ်တပ်မှ အသက်သွင်းထားသည့် စစ်မှုမထမ်းမနေရ ဥပဒေမှာ အပတ်စဉ် (၂၈) သို့ရောက်ရှိလာပြီဖြစ်သည်။
မဇ္ဈိမ