ရခိုင်ပြည်အတွင်းက စစ်တွေ၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် လူကုန်ကူးခံရမှု ယခုနှစ်အတွင်း သိသိသာသာမြင့်တက်လာနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
ဒုက္ခသည်စခန်း တာဝန်ရှိသူများထံမှ ကောက်ယူရရှိခဲ့သည့် စာရင်းအရ ၂၀၂၃ ဇန်နဝါရီမှ ဩဂုတ်လအတွင်း ဒုက္ခသည် ၅၁ ဦး အထိ လူကုန်ကူးခံခဲ့ရကြောင်း သိရသည်။
ယင်းတို့အထဲတွင် စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် ဒုက္ခသည်စခန်းမှ ၆ ဦး၊ အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ ၅ ဦး၊ အုန်းတောကြီး(တောင်) ဒုက္ခသည်စခန်းမှ ၁၅ ဦး၊ ဘောဒူဖ ဒုက္ခသည်စခန်းမှ ၁၁ ဦးနှင့် ပေါက်တောမြို့နယ်၊ ငှက်ချောင်းစခန်း (၁) မှ ၉ ဦး၊ မြေပုံမြို့ ဒုက္ခသည်စခန်းမှ ၅ ဦးတို့ လူကုန်ကူး ခံခဲ့ရကြောင်း သိရသည်။
မွတ်ဆလင်ဒုက္ခသည်များ လူကုန်ကူးခံရမှုမှာ ယခင်နှစ်များက အနည်းအကျဉ်းသာ ရှိခဲ့ရာမှ လက်ရှိတွင် လူကုန်ကူးခံရမှု ဖြစ်စဉ်များကို ထင်ထင်ရှားရှား တွေ့လာရသည်ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများက ပြောသည်။
“အလုပ်အကိုင် ရမယ်ဆိုတာနဲ့ ဒီက သွားချင်နေကြပြီ။ ပြီးခဲ့တဲ့ ၂၀၂၁ က ဆိုရင် NGO အဖွဲ့တွေလာပြီး လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အသိပညာပေး ဟောပြောပွဲတွေ လုပ်တယ်။ ဒီလောက်ထိ ဆိုးဆိုးရွားရွား မရှိခဲ့ဘူး” ဟု ပေါက်တောမြို့နယ်၊ ငှက်ချောင်းမွတ်ဆလင် ဒုက္ခသည်စခန်းတာဝန်ခံ ဦးအေးကျော်က ပြောသည်။
လူကုန်ကူးခံရသည့် မွတ်ဆလင်ဒုက္ခသည်များထဲတွင် အမျိုးသား၊ အမျိုးသမီးများအပြင် ၁၈ နှစ်အောက် မိန်းကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။
စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသမီးအရေးဆောင်ရွက်နေသူ ဒေါ်သိန်းမြက “ပွဲစားကို လူတစ်ယောက်အတွက် သိန်း ၆၀ လောက်ပေးပြီး သွားလိုက်တယ်။ လမ်းမှာ အဖမ်းခံရတာဖြစ်ဖြစ်၊ ရောင်းစားခံရတာ ဖြစ်သွားတယ်။ အဓိကတော့ အလုပ်မရှိ၊ သွားလာခွင့် မရှိလို့ ထွက်ပေါက်ရှာတာကို အခွင့်ကောင်းယူကြတယ်” ဟု ပြောသည်။
မွတ်ဆလင် ဒုက္ခသည်များမှာ အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်ပနိုင်ငံများ၌ အလုပ်အကိုင် ရရှိမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်ခံခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ မော်မမောတ်ဆော်လိမ် အပါအဝင် ဒုက္ခသည် ၅ ဦးကို ရသေ့တောင်မြို့နယ်တွင် အလုပ်အကိုင် ရရှိမည်ဟု ပွဲစားတစ်ဦးက လိမ်လည်ခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရ ဖြစ်နေကြောင်း မိသားစုဝင်များက ပြောသည်။
“ခင်ဗျားတို့သားကို ပြန်လိုချင်ရင် ပိုက်ဆံ သိန်း ၄၀ ပေးရမယ်။ သိန်း ၅၀ ပေးရမယ် ဆိုပြီးတော့ ဖုန်းဆက် တောင်းတယ်။ မပေးရင် အသေပဲ ပြန်ရမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျမတို့မှာ အဲဒီလောက် ပိုက်ဆံ အများကြီး ကျမတို့မှာ မပေးနိုင်သေးပါဘူး။ ခုထိလည်း သားနဲ့ အဆက်အသွယ် မရသေးဘူး” ဟု မော်မမောတ်ဆော်လိမ်၏ မိခင် ဒေါ်မောင်တာစ်ဘေဂေါင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းနှင့် မန်စီ ရဲကင်းစခန်းတို့တွင် သွားရောက် တိုင်ကြားထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
လူကုန်ကူးခံရသူများမှာ မသမာသူများ၏ တောင်းခံသည့်ကို ပေးဆောင်မှုကြောင့် ပြန်လည်လွတ်မြောက် လာသူများရှိကာ တချို့မှာလည်း တောင်းခံသည့် ငွေကြေးပမာဏကို မပေးဆောင်နိုင်သဖြင့် အသက်သေဆုံးမှုများ ရှိကြောင်း မွတ်ဒုက္ခသည်များထံမှ သိရသည်။
မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် လူကုန်ကူးခံရမှု ဖြစ်စဉ်များ တိုးလာနေခြင်းမှာ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာ အားနည်းခြင်း၊ အယုံလွယ်ခြင်း၊ လွတ်လပ်စွာ သွားလာခွင့် မရရှိ၍ ထွက်ပေါက်ရှာခြင်း တို့ကြောင့် ဖြစ်သည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းက ပြောဆိုကြသည်။
ရခိုင်တွင် လူကုန်ကူးမှုများကို ခုနှစ်အလိုက် တိုင်ကြားလာသည့် အမှုများမှာ ၂၀၁၈ တွင် ၆ မှု၊ ၂၀၁၉ တွင် (မရှိခဲ့)၊ ၂၀၂၀ တွင် ၁ မှု၊ ၂၀၂၁ တွင် (မရှိခဲ့) ဘဲ ၂၀၂၂ တွင် လူကုန်ကူးမှု ၁ မှု နှင့် ၂၀၂၃ ခုနှစ် သြဂုတ်လလယ်ထိ မရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (စစ်တွေ) ၏ စာရင်းအရ သိရသည်။
အဆိုပါစာရင်းမှာ လူ/ကုန်/တားထံ တိုင်ကြားလာသည့် အမှုများသာဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများထံ တိုင်ကြားမှုနှင့် တိုင်ကြားမှုမရှိဘဲ ပျောက်ဆုံးနေသည့် လူကုန်ကူးမှုများလည်း ရှိနေသည်ဟု သိရသည်။
“လူကုန်ကူးခံရတာ ဘယ်လောက်ပဲများနေ များနေ အရေးယူတာကတော့ မရှိသလောက် နည်းနေပါတယ်။ ကျနော်တို့မှာ ကိုယ့်အသိစိတ်နဲ့ပဲ ဆုံးဖြတ်ကြရမယ်။ အဲဒါကြောင့် အသိပညာပေးမှုတွေ အများကြီး လုပ်ပေး စေချင်ပါတယ်” ဟု စစ်တွေမြို့နယ်၊ အုန်းတောကြီး (တောင်) ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ မွတ်ဆလင် အမျိုးသားတစ်ဦးက ပြောသည်။
၂၀၁၈ ဥပဒေ ပုဒ်မ – ၁၄ အရ အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တစ်သက်တကျွန်းအထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ- ၂၅ အရ အမျိုးသမီးနှင့် ကလေးငယ်များမှအပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ ချမှတ်ခံရနိုင်ကြောင်း ပြဌာန်းထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။