ရခိုင်ပြည်နယ်တဝှမ်း စစ်ဘေးရှောင်စခန်းများအပါအဝင် စခန်းပြင်ပတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုမရှိသဖြင့် စားဝတ်နေရေး အကျပ်အတည်းဖြစ်နေကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က စီစဉ်ထားသည့် စစ်ရှောင်စခန်းများတွင် နေထိုင်ကြသူနှင့် စခန်းပြင်ပ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် အခြားနေရာများတွင် အိမ်ငှာရမ်းပြီးနေထိုင်သူများ ရှိနေခြင်းလည်းဖြစ်သည်။
လက်ရှိတွင် စခန်းတွင်းနေထိုင်သူများထက် စခန်းပြင်ပတွင် နေထိုင်သူများမှာ ဆောင်းဝတ်အနွေးအထည်များနှင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။
“စစ်ဘေးရှောင်စခန်းပြင်ပမှာ နေထိုင်ကြတဲ့သူတွေကတော့ စခန်းတွင်းနေထိုင်သူတွေထက် ကူညီထောက်ပံ့မှုရရှိတာ တော်တော်လည်း နည်းပါးတယ်။ တချို့က အိမ်ငှားနေနိုင်ကြပေမယ့် တချို့ကတော့ ဖြစ်သလို တဲလေးတွေဆောက်ပြီး နေထိုင်ကြရတာ။ အဓိက လိုအပ်ချက်ကတော့ အခုက ဆောင်းတွင်းဆိုတော့ ကျနော်တို့မှာ အနွေးထည်တွေလိုအပ်တယ်။ နောက်စားဝတ်နေရေးအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေလို အပ်တယ်။ ကိုယ့်မှာပါလာတဲ့ ရွှေတို၊ ရွှေစတွေလည်း ရောင်းချစားသောက်နေကြရတော့ မရှိတော့ဘူး ” ဟု ကျောက်တော်မြို့ နယ် ကျေးရွာတစ်ခုတွင် စစ်ဘေးရှောင်နေသူ ဦးညီညီလွင်က ပြောသည်။
စခန်းပြင်ပတွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ အိမ်ငှားနေထိုင်းခြင်း၊ မြေလွတ်နေရာများတွင် မိမိအစီစဉ်ဖြင့် တဲအိမ်ဆောက်နေထိုင်ခြင်း၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ယာယီခိုလှုံနေ ထိုင်ကြခြင်း ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်များမှာ လက်ရှိတွင် စိုက်ခင်းများ၊ ကုန်တင်ကုန်ချ၊ ဈေးရောင်း၊ မုန့်ရောင်း၊ ကယ်ရီဆွဲစသည့် အလုပ်များကိုလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရကြောင်း ပြောသည်။
ထို့သို့ လုပ်ကိုင်နေကြသော်လည်း ရသည့်ဝင်ငွေနှင့် ထွက်ငွေကိုက်ညီမှုမရှိဘဲ သားသမီးများအား ကျောင်းထားရန် ပင် အခက်များနှင့် ရင်ဆိုင်နေကြရပြီး ကူညီထောက်ပံ့မှု မရရှိသည်မှာလည်း နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်ကြောင်း စစ်တွေမြို့နယ်ကနေ ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကူညီကယ်ဆယ်ရေးတွေ မရတာ နှစ်နဲ့ချီပြီရှိနေပြီ။ ကလေးတွေလည်း ကျောင်းလခ ပုံမှန်မပေးနိုင်ကြဘူး။ စာအုပ်စာတန်းတွေလည်း ဝယ်မပေးနိုင်ဘူး။ အလုပ်မရှိလို့ ဈေးမှာ ဟင်းရောင်းပေမဲ့လည်း အရင်းနဲ့ ရတဲ့အမြတ် က မိသားစုစားဝတ်နေရေးအတွက် မလုံလောက်ကြဘူး။ ကျမတို့ကတော့ စစ်ရှောင်စခန်းတွေမှာ မနေထိုင်ကြတဲ့ စစ်ရှောင်တွေနဲ့ ကလေးတွေကိုလည်းတတ်နိုင်တဲ့ဖက်က ကူညီမှုတွေ ပြုလုပ်ပေးစေချင်တယ် ” ဟု ၎င်းကပြောသည်။
ထို့အတူ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း ဒဏ်ကိုအလူးအလဲခံစားနေကြရပြီး ကျန်းမာရေးအတွက်ပါ ကြီးမားသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောကြသည်။
စစ်ဘေးရှောင်များမှာ နေရပ်အသစ်တွင် နေထိုင်နေကြသလို ကူညီထောက်ပံ့မှုအပိုင်းတွင်းလည်း လုံလောက်မှု အားနည်းသည့်အတွက် စားဝတ်နေမှုခက်ခဲမှုဒဏ်ကို အလူးအလဲ ရင်ဆိုင်နေကြရခြင်းဖြစ်သည်ဟု လူမှုအဖွဲ့ အစည်းများက ပြောသည်။
ကျောက်တော်မြို့နယ်၊ အပေါက်ဝ လူငယ်များအစည်းအရုံး (AYA) မှ HR Officer ကိုမျိုးကျော်ထူးက “စစ်ဘေးရှောင်တွေက သူတို့ရဲ့ ဇာတိမဟုတ်တော့ နေရာသစ်တွေမှာ အများကြီး အခက်အခဲရောက်ကြရတာကို တွေ့ရတယ်။ ပညာရေး၊ ကျန်းမာရေးကအစ အဆင်မပြေမှုတွေရှိကြတယ်။ အခု ဆောင်းရာသီဆိုတော့ စောင်တွေ ၊အနွေးအထည်တွေက အများကြီးလိုအပ်တယ်” ဟု ပြောသည်။
ရခိုင်ပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင် ၆ သိန်းခန့်ရှိနေသေးပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေဆဲဖြစ်သည်။
ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲများစတင်သည့် ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်ကို UN အပါဝင် နိုင်ငံတကာအဖွဲ့အစည်းများအား လူမှုကယ်ဆယ်ရေး ကူညီမှုများ ပိတ်ပင်ထားခြင်းဖြစ်သည်။
DMG