ယောအမျိုးသားတပ်တစ်ခုတည်းတည်ဆော‌က်ရန် ယောတပ်နှစ်ခု သဘောတူ

By MPM 6 နိုဝင်ဘာ, 2026 👁 77

မကွေးတိုင်းရှိ ယောဒေသတွင် ယောအမျိုးသားတပ်တစ်ခုတည်းတည်ဆောက်ရန် ယောတပ်နှစ်ခုဖြစ်သော ယောကာကွယ်ရေးတပ် (YDF) နှင့် ယောတပ်တော် (YA) တို့ ပူးတွဲသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

YDF နှင့် YA နှစ်ဖက် တာဝန်ရှိသူများသည် ယောဒေသလွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ယောပြည်သူလူထုအကျိုးကို ရှေးရှု၍ ယောအမျိုးသားတပ်များ ပေါင်းစည်းနို‌င်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုအား ယောဒေသတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိုတွေ့ဆုံမှုတွင် ယောဒေသလွတ်မြောက်ရေး၊ ယောကံကြမ္မာ ယောဖန်တီးခွင့်ရရှိရေးနှင့် ယောအမျိုးသားတပ်တစ်ခုတည်း တည်ဆော‌က်ရန်သဘောတူညီချက်များ ချမှတ်နိုင်ခဲ့သည်” ဟု ဖော်ပြထားသည်။

ယောအမျိုးသားတပ်တစ်ခုတည်း ပေါ်ပေါက်လာနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွင် တပ်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းခြင်း၊ ယောဒေသအတွင်းရှိ အခြားသော တော်လှန်ရေးအင်အားစုများကို ပူးပေါင်းပါဝင် တည်ဆောက်နိုင်ရန် ဖိတ်ခေါ်ခြင်းနှင့် အပြီးသတ်တပ်ပေါင်းစည်းနိုင်ရေး အချိန်ကာလသတ်မှတ်ခြင်းစသည့် အချက်သုံးချက်အပါအဝင် သဘောတူညီချက် (၇) ချက် ချမှတ်နိုင်ခဲ့သည်ဟုလည်း ဆိုထားသည်။

ယောဒေသလွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ်အနေဖြင့် မဟာမိတ်အင်အားစုများနှင့်အတူ လက်တွဲညီညီ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးအပ်သည်ဟုလည်း ဖော်ပြထားသည်။

နိရဉ္စရာ