စစ်ကောင်စီက ယာယီအပစ်ခတ်ရပ်စဲသည့်ကာလကို ဧပြီ ၃၀ ရက်နေ့အထိ သက်တမ်းတိုးထားသော်လည်း စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ဝန်းသို၊ စစ်ကိုင်း၊ ကန့်ဘလူ၊ အင်းတော်၊ ကလေးနှင့် ကလေးဝ အပါအဝင် ဒေသကာကွယ်ရေးတပ်များ အင်အားကောင်းသည့် မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်စဲထားခြင်းဖြစ်သည်။
ထိုသို့ ယာယီအပစ်ရပ် ကြေညာထားသော်လည်း စစ်ကိုင်းတိုင်းအတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“ဒီကာလ ငလျင်အတောအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ အများကြီးရှိတယ်။ သူတို့လက်လွှတ်လိုက်ရတဲ့ အင်းတော် အပါပေါ့။ ဒီဝန်းသိုတို့တွေလည်း လေယာဉ်နဲ့ သွားသွားချနေတာ ကြားရတယ်။ အဲ့ဘက်တွေက ဖုန်းတွေဘာတွေပျက်တော့ သိပ်မသိရဘူး။ သုံးသပ်ပါဆိုရင် စစ်တပ်ကယာယီအပစ်ခတ်ရပ်ပေမယ့် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပဲ” ဟု အမည်မဖော်လိုသည့် စစ်ကိုင်းလူငယ်ရေးရာကော်မတီဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီ မြေပြင်စစ်ကြောင်းများက တပ်မဌာနချုပ်နှင့် ၎င်းတို့အုပ်ချုပ်ထားသည့် မြို့ပေါ်အနီးတဝိုက်များ၌သာ လှုပ်ရှားနေပြီး ဝေးလံသည့်ဒေသများကို လေကြောင်းနှင့်တိုက်ခိုက်မှု ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းအပြင် ဒေသကာကွယ်ရေးတပ်များ၏ နယ်မြေစိုးမိုးမှု အများဆုံးရှိထားသည့် မန္တလေး – ရွှေဘိုလမ်းပိုင်းကို စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်မှုများ ပြုလုပ်နေသည်ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ညကြီး နှစ်နာရီလောက်မှာ လေယာဉ်ခေါင်းပေါ်ကနေ ဖြတ်သွားတယ်။ အပြန်ကတော့ သုံးစီး၊ ဘယ်နားကိုသွားချခဲ့သလဲ မသိဘူး” ဟု ရွှေဘို- မြစ်ကြီးနား လမ်းပိုင်းပေါ်ရောက်ရှိနေသည့် အဆိုပါဒေသခံက ပြောသည်။
စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်စေ စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ခြင်း၊ စုဆောင်းရေးအင်အားဆွဲခေါ်ခြင်းနှင့် နယ်မြေချဲ့ထွင် တိုက်ပွဲဖော်ဆောင်ခြင်းတို့ မပြုလုပ်ရန် အသိပေးပြောဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။