မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်အုပ်စုက ဖွင့်လှစ်မယ့် လာမယ့် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဒေသတွင်းက လူငယ် ၂၄၀ နီးပါး စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို အာဏာသိမ်းစစ်အုပ်စုခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်နေ့မှာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အမှတ် (၆) ပညာရေးကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။
စစ်သားစုဆောင်းခံလိုက်ရတဲ့လူငယ်တွေဟာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဆင့်ခေါ်ခံရတဲ့သူတွေ၊ ညဘက်အပြင်ထွက်သွားလာသူတွေ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရတဲ့ သတ်မှတ်ထားတဲ့ ဒေသတွေမှာ ဖမ်းဆီးခံရသူတွေ၊ အလုပ်သွားအလုပ်ပြန်သူတွေကအစ ပါဝင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒေသခံလူငယ်တစ်ဦးကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ စစ်သားစုဆောင်းမှုကြောင့် အလုပ်မသွားရဲတဲ့အခြေအနေနဲ့ ကြုံနေရပြီး လူငယ်အများစု ပြည်ပထွက်ခွာမှု ဆက်ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူငယ်တွေက စိုးရိမ်စိတ်များတော့ တချို့ဆိုလည်း နိုင်ငံခြားတွေထွက် အမျိုးမျိုးပေါ့နော်။ နည်းလမ်းပေါင်းစုံနဲ့ မြန်မာပြည်ကြီးကို စွန့်ခွာပြီး သွားနေကြတာပေါ့။ အဓိက မြန်မာပြည်တွင်းမှာ လက်ရှိ လူငယ်အင်အားက မရှိတော့ဘူး။ ရှိရင်လည်း ဒီမှာနေရင်လည်း စိုးရိမ်ကြောင့်ကြမှု ပိုများတယ်ဆိုတော့ လူငယ်တွေက ခရီးသွားရင်လည်း မသွားရဲ အလုပ်သွားရင်လည်း မလုပ်ရဲတဲ့ဘဝ ဖြစ်နေပြီ” လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ခရီးသွားနေရင်း ဖမ်းဆီးတာ၊ လုပ်ငန်းခွင်ထဲ ဝင်ရောက်ဖမ်းဆီးပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်းစစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် လူငယ်အများစု လမ်းသွားရင်တောင် လုံခြုံမှုမရှိတော့တဲ့အပြင် နေအိမ်မှာနေထိုင်ပါကလည်း အချိန်မရွေး စစ်သားစုဆောင်းခံရနိုင်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့သာ နေနေရတယ်လို့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်အုပ်စုဟာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လုံခြုံရေးအင်အား လိုအပ်ချက်ကြောင့် အရင်လတွေကထက် စစ်မှုထမ်းတပ်သားသစ် ပိုမိုစုဆောင်းလာတာ တွေ့နေရသလို စစ်မှုထမ်းတပ်သားသစ် စုဆောင်းတဲ့နေရာမှာလည်း နည်းအမျိုးမျိုး အသုံးပြုလာတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၇ အထိ ဒေသတွင်းမှာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၃၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။
သံလွင်တိုင်းမ်