မွန်ပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလေ့ရှိသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လေယာဉ်နှင့်ကင်းထောက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကနေ သထုံ၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် ညပိုင်းအချိန်၌ နေ့စဉ်ရက်ဆက် စစ်ရဟတ်ယာဉ်နှင့် ကင်းထောက် နေခြင်းဖြစ်သည်။
ရေးမြို့နယ်ဒေသခံတစ်ဦးက “ညတိုင်းလိုလိုပဲ အခုတလော လေယာဉ်အသံတော့ ကြားတယ်။ ဒါပေမယ့် ညပိုင်းဆိုတော့ လေယာဉ်တော့ မမြင်ဘူးပေါ့။ ည ၁၁ နာရီ ၁၂ နာရီ အဲဒီကြားထဲမှာ အသံတော့ ကြားတယ်။ အသံတော့ တအားကြီး အမြင့်ပျံမှာ မဟုတ်ဘူး။ အသံက အကျယ်ကြီးကြားတယ်” ဟု ပြောဆိုသည်။
မုဒုံမြို့နယ်တွင်လည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်လှုပ်ရှားလေ့ရှိသော ကျေးရွာများနှင့် အနီးတဝိုက် ရာဘာခြံများဘက်တွင် ညသန်းခေါင်ယံအချိန်၌ စစ်ကောင်စီတပ်၏ လေယာဉ်ပျံသန်းမှုကို ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
တဘက်တွင်လည်း မွန်ပြည်သစ်ပါတီ AD ဝင်ရောက်လှုပ်ရှားသည့် မုဒုံမြို့နယ်ရှိ ရောင်းဒေါင်း၊ ကွမ်လှာ၊ နှီးပဒေါနှင့် အနီးတဝိုက် ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခုရက်ပိုင်းအတွင်း နေ့ရောညပါ သွားလာလှုပ်ရှားသည်ဟု ဆိုသည်။
ရေးအခြေစိုက် မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရနိုင်နဂါးက “ရန်သူက ညပိုင်းစစ်ဆင်ရေးတွေ လုပ်ဖို့ ပြင်ဆင်နေသလားလို့ ကျွန်တော်တို့ ယူဆရတယ်။ ဥပမာ – ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ဆင်းပြီး တော်လှန်ရေး သမားတွေ အမှတ်မထင်တဲ့နေရာကနေ နောက်ကျောကနေဖြစ်ဖြစ် တိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထင်တယ်။ အခုလောလောဆယ် ချမယ့်နေရာတို့ Dropping Point တို့ စစ်ဆင်မယ့်နေရာ နောက်ကျွန်တော်တို့ တပ်တွေရဲ့ စခန်းချထားတဲ့နေရာတွေကို ညပိုင်း သူတို့ လိုက်လံစုံစမ်းနေတယ်။ မြင်မမြင် လေ့ကျင့်မှုတွေ လုပ်တယ်လို့ ကျွန်တော် မြင်တယ်” ဟု ပြောဆိုသည်။
ယင်းအပြင် ရှေ့တန်းစခန်းတွင် ရောက်ရှိနေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာပို့ဆောင်ရာ၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုက လွတ်အောင် ညအချိန်တွင် လေကြောင်းကနေ ထောက်ပို့တာလည်း ဖြစ်နိုင်သည်ဟု နိုင်နဂါးက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီဒုတိယပတ်အတွင်း မွန်နှင့်ကရင်က တိုက်ပွဲများကို ထိန်းချုပ်နိုင်ရန် ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စစ်ဆင်ရေးညွှန်ကြားနေချိန် တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းနှင့် သွားရောက်တိုက်ခိုက်ခဲ့သည်။
ယင်းနောက်ပိုင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်ဒေသတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သလို ရေးနှင့် သံဖြူဇရပ်ဘက်တွင်လည်း စစ်ကောင်စီ၏ တပ်စခန်းတချို့ ဝင်ရောက်တိုက်ခိုက် ခံထားရသည်။
ထို့ကြောင့် စစ်ကောင်စီတပ်သည် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုအား ကောင်းသည့် နေရာများနှင့် စစ်ဆင်ရေးဖော်ဆောင်လေ့ရှိသော ဒေသတွေမှာ ညအချိန် လေယာဉ်နှင့် ကင်းထောက်မှုတွေကို လုပ်ဆောင်လာနေခြင်း ဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။