မြောက်ဦးမြို့ရှိ သားဖွားဆေးရုံ ဗုံးကြဲခံရ၊ မွေးကင်းစကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၅) ဦးသေဆုံး

By MPM 2 နိုဝင်ဘာ, 2026 👁 45

အာရက္ခပြည်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိပြည်သူများအားအခမဲ့ ကုသပေးနေသည့် ဆေးခန်း၏ ကလေးသားဖွားဆောင်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၍ သေဆုံးခဲ့ရသူ ၅ ဦးအထဲတွင် မွေးကင်းစကလေးငယ်တစ်ဦးပါဝင်ကြောင်း သတင်းရရှိသည်။

ယခုသားဖွားဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့က လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရသော မြောက်ဦးဆေးရုံကြီး အစုလိုက်အပြုံလိုက် ဗုံးကြဲခံရပြီးနောက်ပိုင်း ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

၎င်းသားဖွားဆောင်သည် ဒေသခံပြည်သူလူထုများကို ဆေးကုသပေးနေသည့် ယာယီဆေးကုခန်းထဲတွင်တည်ရှိပြီး နိုဝင်ဘာ ၁ ရက်နေ့ ည (၅) နာရီ (၂၇) မိနစ်အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် Cluster ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူသေဆုံးမှု (၅) ဦးအထိတိုးလာပြီး ထိခိုက်ဒဏ်ရာရရှိသူ (၉) ဦးအထိရှိခဲ့သည်ဟု သိရသည်။

၎င်းပြင်ဆေးဝန်ထမ်းအချို့ ဒဏ်ရာရရှိကာ ဆေးခန်းအဆောင်များနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားသောတံတားအား အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လမ်းသွားလမ်းလာအပြစ်မဲ့ ခရီးသွားပြည်သူသေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ (၇) ဦးရှိခဲ့သည်။

နိုဝင်ဘာ ၁ ရက်နံနက် (၃) နာရီ (၅၈) မိနစ်အချိန်ခန့်တွင်လည်း ဝီရဌာနေမြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာတို့ကို ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး အမျိုးသမီး (၃) ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအချို့ပျက်စီးဆုံးရှုံးခဲ့သည်။

ကျောက်ဖြူမြို့နယ်၊စနဲမင်းပြင်ရွာကိုလည်းနိုဝင်ဘာ၁ ရက်နေ့  ညနေ (၅) နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၆) ဦး စုစုပေါင်း (၁၁) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်။

နိရဉ္စရာ