မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်တပ် သတ်ဖြတ်မြှုပ်နှံထားသည့် ပြည်သူတစ်ဒါဇင်၏ ရုပ်အလောင်းများ တွေ့ရှိ

By MPM 5 အောက်တိုဘာ, 2026 👁 28

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး မြေမြှုပ်ထားခဲ့သည့် အရပ်သားပြည်သူ ၁၂ ဦး၏ ရုပ်အလောင်းများကိုတွေ့ရှိကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ထံမှ သိရသည်။

အဆိုပါအလောင်းများတွင် တွေ့ရသည့် မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်းစာရွက် စသည့် အချက်အလက်များအရ ဂွေးကုန်းရွာတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

အညာဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “လောလောဆယ်သိထားရတာက ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ ဝက်ပုတ်ရွာမှာ တာဝန်ကျနေတဲ့ စစ်ဗိုလ်က ဦးဆောင်ပြီးသတ်တာလို့ သိရတယ်။ ရွာသားတယောက်က အောက်တိုဘာ ၄ ရက် မှိုရှာသွားတဲ့အချိန် မြှုပ်ထားတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျောင်းသားတစ်ယောက်ပါတယ်လို့လည်း သိရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ထိုသို့ အစုအပြုံလိုက် ဖြစ်သလိုမြှုပ်နှံထားသည့်နေရာကို မှိုရှာသွားသည့် ရွာသားတဦးက တွေ့ရှိခဲ့ရာမှ ဒေသတာဝန်ရှိသူများ ဦးဆောင်ပြီး ရှာဖွေတူးဖော်ခဲ့ရာ မြေကျင်းနှစ်ခုအတွင်း အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က အရိုးစုများ၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြထားသည်။

အသက်မပြည့်သေးသည့် ကျောင်းသားတဦးအပါအဝင် အရပ်သားပြည်သူ ကိုးဦး၊ မကျီးကုန်းရွာမှ ပြည်သူတဦး၊ သံချောင်းရွာမှ ပြည်သူတဦးတို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် စက်မှု ၂ မှ ဝဲတူရွာသို့သွားသည့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း၏ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၂ ဦးကို စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝက်ပုတ်ရွာမှ သိမ်းဆည်းရရှိခဲ့သည့် မှတ်စုစာအုပ်များမှတဆင့် သိခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဝက်ပုတ်ပျူရွာကို တော်လှန်ရေးအင်အားစုများမှ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

နိရဉ္စရာ