မြန်မာပြည်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေ

By MPM 7 စက်တင်ဘာ, 2024 👁

မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် သြဂုတ်လအတွင်း တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးသူ တိုးလာကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရာမညအင်စတီကျူနိုင်ငံရေးသုတေသနအဖွဲ့ (RICE) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား စစ်ရေးအရှိန် မြင့်တက်လာခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာခဲ့သည်ဟု RICE က ဆိုသည်။

ရာမညအင်စတီကျူ တာဝန်ရှိသူတစ်ဦးက “ရာခိုင်နှုန်းနဲ့ တွက်ကြည့်မယ်ဆိုရင် အရင်နှစ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုက ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါပေမဲ့ ၂၀၂၄ မှာတော့ ၈၀ ရာခိုင်နှုန်းလောက်ဖြစ်လာတယ်။ အဲဒီတော့ ၂၀၊ ၃၀ ရာခိုင်နှုန်းမက လူ့အခွင့်အရေး ပိုချိုးဖောက်ခံလာရတယ်။ ဥပမာ ဖမ်းဆီးခံရတာ၊ လက်နက်ကြီး ထိတာ၊ မြေမြုပ်မိုင်းနင်းမိတာနဲ့ တိုက်ပွဲအတွင်းလက်နက်ထိတာတို့ကို မွန်ပြည်သူတွေ ပိုပြီးကြုံတွေ့နေရတယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ပြောသည်။

ဩဂုတ်လတစ်လအတွင်း အရပ်သား ၂၆ ဦး သေဆုံးပြီး၊ ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် အများစုသည် တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခံရခြင်း၊ ဗုံးကြဲတိုက်ခိုက်ခံရခြင်း၊ မြေမြှပ်မိုင်းနင်းမိပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက်သေဆုံးခဲ့သည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းမည့်ကိစ္စကြောင့်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမိုများပြားလာသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ တော်လှန်ရေးခရီးစဉ်ကို ပြန်ကြည့်မယ်ဆိုရင် ၂၀၂၄ မှာ စစ်မီးက ပိုပြီးတောက်လောင်နေတယ်၊ မွန်တို့ရဲ့နယ်မြေမှာ တိုက်ပွဲက ပိုပြီးပြင်းထန်လာတယ်။ စစ်မီးက တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လောင်ကျွမ်းသွားတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက များလာတယ်။ နောက်ဆိုစစ်ပွဲက ပိုပြီး ပြင်းထန်သွားမှာကိုလည်း ကျွန်တော်တို့မြင်တယ်” ၎င်းက ဆက်ပြောသည်။

သြဂုတ်လအတွင်း မြန်မာပြည်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့အကြား ထိတွေ့တိုက်ပွဲ ၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၉၆ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်၊ တစ်ဖက်တည်း ပစ်ခတ်တိုက်ခိုက်မှု ၃၀ ကြိမ်ရှိခဲ့သည်ဟုလည်း အစီရင်ခံတွင် ရေးသားထားသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး အဓမ္မဖမ်းဆီးမှုခံရသူ ၅၈ ဦးအထိ ရှိခဲ့သည်ဟု RICE က ဆိုသည်။

တိုက်ပွဲနှင့် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ၆ လုံးကျော် ပျက်စီးခဲ့ရပြီး၊ ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည့်အပြင် အရပ်သားပြည်သူ ၇၅၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

IMNA ပေးပို့သည်။