မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သော ငွေကြေးများကို ပြန်လည်ရယူနိုင်ရန် အထောက်အကူပြုသည့် သတင်းအချက်အလက်ပေးသူများကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုငွေပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။
အမေရိကန်နိုင်ငံသားများအပါအဝင် နိုင်ငံတကာမှ လူများကို အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်နေမှုများနှင့် လူကုန်ကူးခံရပြီး ကျားဖြန့်စင်တာများတွင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခံနေရသူများကိုလည်း အသုံးချနေကြောင်း ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရှိသူများအနေဖြင့် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ [email protected] အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။
အမေရိကန် FBI ၏ အချက်အလက်များအရ ကျားဖြန့်လုပ်ငန်းစုသည် မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်တွင် အခြေစိုက်လုပ်ကိုင်နေပြီး အမေရိကန်နိုင်ငံသားများကို အဓိကပစ်မှတ်ထားသည့် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အဆိုပါစင်တာများကို Tai Chang 1.0၊ Tai Chang 2.0 နှင့် Tai Chang 3.0 ဟူ၍ အပိုင်းသုံးပိုင်းခွဲထားကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများကို တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရသည် ဝက်ဘ်ဆိုက်ဒိုမိန်းများ သိမ်းဆည်းခြင်း၊ ငွေကြေးလမ်းကြောင်းများကို စုံစမ်းခြင်းနှင့် ဆက်စပ်သူများကို အရေးယူခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဗျူရိုက အမေရိကန်တရားရေးဝန်ကြီးဌာန၏ ကျားဖြန့်နှိမ်နင်းရေးအဖွဲ့ Scam Center Strike Force နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုထပ်မံ ဆုကြေးငွေထုတ်ပြန်ခြင်းဖြစ်သည်။
နိရဉ္စရာ