မြန်မာစစ်တပ် မြေပြင်တိုက်ပွဲတိုင်းတွင် အသာစီးမရသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းဟု AA ပြောဆို

By MPM 7 ဩဂုတ်, 2026 👁 57

အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲတိုင်းတွင် အသာစီးမရသဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ဖော်ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့က အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည့် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်ထိသို့ ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ချင်းပြည် (တောင်ပိုင်း) အစရှိသော အာရက္ခဒေသနှင့် နယ်မြေထိစပ်လျက်ရှိနေသည့် နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။

၎င်းနည်းတူ အာရက္ခတပ်တော်ထိန်းချုပ်ထားသော မြို့များထဲမှ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ (ပေါက်တော) နှင့် ပုဏ္ဏားကျွန်း-စစ်တွေမြို့ အစပ်နေရာများ၊ အရပ်သားပြည်သူများရှိရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများအား လေကြောင်းမှ အုပ်စုလိုက် နေ့ည၊ အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြသည်။

ထို့ကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်ပြီး ထိုးဖောက်ရန် ကြိုးစားနေသော နေရာတိုင်း၌ မြေပြင်တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။

မြေပြင်တိုက်ပွဲများတွင် အထိအခိုက်အကျအဆုံးများကာ အသာစီးမရသောကြောင့် ၎င်းတို့၏ အားသာချက်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့်ပြီး အားပြုတိုက်ခိုက်လျက်ရှိနေသည်ဟုဖော်ပြသည်။

ဤသည်ကို အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင်သာမက မြန်မာနိုင်ငံအနှံ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အခြားသောနေရာများ၌လည်း တွေ့မြင်နေရသည်။

အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော အဓိကနေရာကြီးများထဲမှ ရက္ခိုင်-ဧရာဝတီ အစပ်ရှိ တိုက်ပွဲများမှာဆက်လက်ရှိနေပြီး တချို့နေ့ရက်များတွင် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုအပြင် ရာသီဥတုအခြေအနေအပေါ်မူတည်၍ နှစ်ဖက် ထိုးစစ်၊ ခံစစ်များသည် အနိမ့်အမြင့်ရှိခဲ့သည်။

သို့သော် တိုက်ပွဲမရှိသောနေ့ရက်ဟူ၍ မရှိသလောက်ဖြစ်ခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး တစ်နေရာရာ၌ ရှိနေဆဲဖြစ်သည်။

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် မိမိတို့တပ်စွဲထားသောနေရာများသို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောအချိန်မျိုးရှိသကဲ့သို့ မိမိတို့ဘက်မှလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိခဲ့သည်။

မြေပြင်၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ မဖြစ်ပွားသောနေ့ရက်များတွင်မူ ရန်သူ့ဘက်မှ လက်နက်ကြီး၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့မှာ နေ့တိုင်းနီးပါးရှိခဲ့သည်ဟုဖော်ပြထားသည်။

နိရဉ္စရာ