မြင်းမူတွင် စစ်ကော်မရှင်တပ် ဗုံးကြဲမှု ကလေးငယ် ၂ ဦးအပါ ၉ ဦးသေဆုံး

By MPM 24 ဖေ‌ဖော်ဝါရီ, 2026 👁 4

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အရှေ့မြောက် မိုင် ၂၀ ခန့်အကွာရှိ ရွှေကျောင်းကန်ကျေးရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ငါးနှစ်အရွယ် ကလေးငယ် နှစ်ဦးအပါ ကိုးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီအချိန်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနှစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“စက်တပ်လေထီး နှစ်စီးနဲ့ ဗုံးလေးလုံးကြဲခဲ့တာပါ။ ရွာထိပ်ဆိုတော့ လူစည်တဲ့နေရာလို့ ပြောရမှာပါ။ ကလေးငယ်နဲ့ အမျိုးသမီးတွေလည်း သေဆုံးကြတယ်” ဟု မြင်းမူ ဒေသခံအမျိုးသားတဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း အမျိုးသမီးလေးဦးနှင့် အမျိုးသားငါးဦး သေဆုံးခဲ့ခြင်းဖြစ်ကာ အပြင်းအထန်ဒဏ်ရာရရှိသူ ငါးဦးရှိပြီး၊ အိမ်မွေးတိရစ္ဆာန် ခိုင်းနွားနှစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ရေးပစ်မှတ် မရှိဘဲ ဗုံးကြဲခံရတာပါ။ ရွာမှာက ဗုံးကြဲတာ တကြိမ်မှ မခံရသေးပါဘူး။ ဗုံးခိုကျင်းလည်းမရှိ၊ ပုန်းလည်း မပုန်းကြဘူး။ ဘာအကာအကွယ်မှ မရှိလို့ လူသေဆုံးများခဲ့တာဖြစ်တယ်” ဟု ဒေသခံအမျိုးသားတဦးက ဆိုသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) နံနက် ၉ နာရီခွဲအချိန်တွင်လည်း မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တတ်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် မြင်းမူနှင့် အရာတော်အစပ်ရှိ နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိ၊ မရှိအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဇန်နာဝါရီလအတွင်း စစ်ကော်မရှင်တပ်၏ စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှင့် တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်များအပါအဝင် ၁၆၃ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၉၀ ဦးထိ အများဆုံးဖြစ်ကြောင်း Spring Revolution Database (SRD) က ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မဇ္ဈိမ