မူဆယ်၊ လုံခန်စစ်ကောင်စီတပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

By MPM 29 နိုဝင်ဘာ, 2023 👁

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန် စစ်ကောင်စီတပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေထံမှ သိရသည်။

လုံခန် စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၂၅ ရက်နေ့က စပြီး ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေက ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂၆ ညနေပိုင်း တွင် သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း The Kokang သတင်းဌာနက ထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပြသည်။

“မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်း တစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြီဆိုတော့ မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ၊ အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင် မအိပ်ဘူး သတိနဲ့ပဲ နေနေတယ်Ó လို့ မူဆယ်ဒေသခံ အမျိုးသမီးက ပြောပါသည်။

လုံခန် စစ်ကောင်စီတပ်စခန်းသည် မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ မောင်းနှင်သွားလာရတဲ့ အကွာအဝေးမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီ စခန်းတွေထဲ တစ်ခုအပါအဝင် ဖြစ်တယ်လို့ မူဆယ်ဒေသခံတွေက ပြောသည်။

အဆိုပါတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဘက်က နိုဝင်ဘာ ၂၆ ရက်နေ့ ည ၁၀ နာရီ ကနေ ၁၂ နာရီ လောက် အထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာ အနီးတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀၅ မိုင်က အသက် ၂၀ အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး၊ အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ဒေသခံတွေထံမှ သိရသည်။

ဒါ့အပြင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတလျှောက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်တာကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာရှိသလို ဆိုင်ခန်းတချို့အပါအဝင် အဆောက်အဦးနဲ့ နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း မူဆယ်ဒေသခံအမျိုးသမီးက ပြောပါသည်။

“စစ်တပ်က သူတို့ရဲ့စခန်း ကျသွားပြီဆိုရင် ပြန်ပြီး အဲ့ဒီနေရာကို လေယာဉ်နဲ့ ပြန်ပြန်လာပစ်တယ်လေ။ ဆိုတော့ မနေ့ညတညလုံး ၁၀၅ ဘက် အကုန်လာပစ်တာ၊ လူငယ်တစ်ယောက် သေသွားတယ်လေ။ မနေ့ညကတည်းက ၁၀၅ မိုင်မှာလည်း ပြန်ပြီး တိုက်ပွဲဖြစ်တာ၊ တစ်ဆက်ထဲပဲ မုံးပေါ်တံတားက စစ်တပ်စခန်းကိုလည်း ပြန်တိုက်ခိုက် နေတာအခုထိပဲ။ အဘက်ဘက်က လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်ကူနေတယ်” ဟု ၎င်းက ပြောသည်။

မူဆယ် ၁၀၅ မိုင်နီး တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ အမြောက်အများမှာ ဘေးလွတ်ရာ ကျေးရွာဘက်နဲ့ တောင်ယာခင်း၊ လယ်ခင်း ၊ ခြံခင်းတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်စောင့်လောက်သာ မြို့ထဲ၌ ရှိနေနေကြရတယ်လို့ ၎င်းက ဆက်ပြောဆိုသည်။

နိုဝင်ဘာ ၂၆ ရက် ညနေကတည်းက မူဆယ် ၁၀၅ မိုင်ထဲ မြောက်ပိုင်းမဟာမိတ်များ ဝင်ရောက်ကာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေပြီး၊ တဆက်တည်းပင် မုံးပေါ်တံတားက စစ်ကောင်စီတပ်စခန်းကိုလည်း မဟာမိတ်အဖွဲ့ဘက်က တိုက်ခိုက်နေကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

နိုဝင်ဘာ ၂၇ ရက်နေ့ အထိ မုံးပေါ်တံတားက စစ်ကောင်စီတပ်စခန်း၌ တိုက်ပွဲပြင်းထန်နေပြီး မူဆယ်မြို့အထွက် စစ်ကောင်စီတပ်စခန်းနဲ့ ၁၀၅ မိုင်ဘက် စခန်းက လက်နက်ကြီးများနဲ့ ဆက်တိုက် ပစ်ကူနေသလို နမ့်ဖက်ကာ ခလရ ၁၂၃ တပ်စခန်း ဘက်ကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ကူနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း– မူဆယ် ၁၀၅ မိုင်– နမ့်တောင်း စတဲ့ လမ်းပိုင်းဒေသတလျှောက် စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေဆဲဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေး ပိုမြင့်လာမယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြည်တွင်းသတင်းမီဒီယာတွေကို ဖြေကြားပြောဆိုထားပါသည်။

KNG ပေးပို့သည်။