မူဆယ်မြို့နယ်အတွင်း အငှားအိမ်ခန်းနှင့် ဆိုင်ခန်းများကို TNLA ဆက်ကြေးကောက်

By MPM 12 ဇွန်, 2023 👁

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အငှားအိမ်ခန်း ဩနှင့် ဆိုင်ခန်းများကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အခွန် (ဆက်ကြေး) လာရောက်ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၀ ရက်တွင် မူဆယ်မြို့ရှိ ကောင်းမူးတုံရပ်ကွက်၊ ဟိုနားရပ်ကွက်နှင့် တောင်ရပ်ကွက် စသည့် ရပ်ကွက်များ အတွင်းသို့ TNLA စစ်သားများ ဝင်ရောက်လာပြီး လိပ်စာကတ်များ ပေးဝေကာ ပြည်သူများ အခွန် ပေးဆောင်ရန် ညွှန်ကြားပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အိမ်ငှားတိုက်ခန်းတွေ၊ ပြီးတော့ ဆိုင်ခန်းတွေကိုလည်း ဆက်ကြေးပေးဖို့ လိပ်စာကတ်ဝေသွားတယ်။ ဆောက် လက်စ တစ်ထပ်အိမ် ဆိုရင် ၅ သိန်းကျပ်၊ နှစ်ထပ်ဆိုရင် ၁၀ သိန်းကျပ် အဲ့လို ဆက်ကြေးကောက်တာ။ အခုက အိမ်ငှားတွေကိုပါ တောင်းတယ်ဆိုတော့ တော်တော်ကို လွန်လာပြီ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်သည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ပြည်သူလူထုများ စားဝတ်နေရေး အတွက် အခက်အခဲရှိနေစဉ် TNLA တပ်ဖွဲ့က ယခုလို ဆက်ကြေးထပ်မံ ကောက်ယူသည့် အတွက် ပြည်သူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် လက်ရှိ အိမ်ငှား၊ အခန်းငှား၊ ဆိုင်ခန်းငှားများအား ဆက်ကြေးတောင်း ကောက်ယူသည့်မှာ ပထမဆုံး ဖြစ်နေကြောင်းလည်း အထက်ပါအမျိုးသားက ဆက်ပြောသည်။

“အရင်တုန်းကတော့ ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေကို ဆက်ကြေးပေးခိုင်းတာတော့ ရှိပါတယ်။ အခုလိုမျိုး အိမ်ငှား၊ အခန်းငှားတွေကို ကောက်တာ မရှိဖူးဘူး။ ဒါက ပထမဆုံးအကြိမ် ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံ လူတန်းစားတွေ အတွက်တော့ ခံရတာများပါတယ်” ဟု ၎င်းက ပြောသည်။

TNLA တပ်ဖွဲ့က ဆက်ကြေးပေးရန် လာရောက်ပေးဝေသည့် လိပ်စာကတ်တွင် TNLA တံဆိပ်နှင့် အတူ တအာင်းစာများ၊ Revenue Department ဆိုသည့် အင်္ဂလိပ်စာတန်းနှင့် ဖုန်းနံပါတ်များလည်း ပါရှိသည်။

ယင်းကဲ့သို့ အခွန်ကောက် ဆက်ကြေးတောင်းခြင်း ကိစ္စနှင့်ပတ်သက်ပြီး လိပ်စာကတ်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်မေးကြည့်ရာ အခွန်ဆက်ကြေး ပေးဆောင်ရန်အတွက် လိပ်စာကတ် ပေးဝေခြင်း ဟုတ်မှန်ကြောင်း ဆိုသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့က ပေးဝေတာ ဖြစ်ပါတယ်။ ဒီလိုလိပ်စာပေးဝေပြီး အခွန်ဆောင်ဖို့က ကြာခဲ့ပါပြီလေ” ဟု ဖုန်းလက်ခံသူက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း TNLA တပ်ဖွဲ့သည် သျှမ်းပြည်မြောက်ပိုင်းတလျှောက် လှုပ်ရှားမှုများ ပိုမိုများပြားလာပြီး အခွန်တိုးကောက်မှုတွေလည်း ယခင်နှစ်တွေထက် ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

PSLF/ TNLA သည် မြန်မာစစ်တပ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြောက်ပိုင်းမဟာမိတ်များနည်းတူ တရုတ်ကိုယ်စားလှယ်နှင့် ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု ၂ ကြိမ်ထက်မနည်း ရှိခဲ့သည်။

ယင်းကဲ့သို့ တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲများ နည်းလာသည်ကို တွေ့ရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။