စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
မုံရွာမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံရထားသော အကျဥ်းသားလူငယ်တစ်ဦးသည် တရားရုံးမှ ရဲစခန်းအချုပ်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် တရားမဝင်ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းရိုက်နှက်ရာ နိုင်ငံရေးအကျဥ်းသားနှစ်ဦးဖြစ်သည့် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့က မတရား မနှိပ်စက်သင့်ကြောင်း ပြောဆိုတားဆီးခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပြောဆိုမှုကြောင့် လူငယ်သပိတ်ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို မတ်လ ၂၈ ရက်နေ့တွင် မုံရွာမြို့ရဲစခန်းမှ မြို့တော်ခန်းမသို့ ပို့ဆောင်ခဲ့ပြီး ထိုနေရာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ၎င်းတို့ ၂ ဦး ကို ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့နှိက်စက်ခံရမှုကြောင့် ကိုအောင်ကျော်ဇင်သည် မတ်လ ၂၉ ရက်နေ့တွင် သေဆုံးခဲ့ပြီး၊ ကျန်တစ်ဦးဖြစ်သည့် ကိုမာန်ဇာမြေမွန်သည်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများရရှိထားပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူရန် လိုအပ်နေကြောင်း သပိတ်ကော်မတီက ပြောဆိုပါသည်။
ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်သည် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မများ အပါအဝင် နိုင်ငံရေးပုဒ်မ ၅၀၅ (က) ဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး၏ ဖြစ်စဉ်ကို မှတ်တမ်းအဖြစ် ထားရှိထားမည်ဖြစ်ပြီး ပြည်သူ့တရားစီရင်ရေး အချိန်ကာလ ရောက်ရှိချိန်တွင် တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ဇန်ဝါရီလမှ စပြီး မတ်လအထိ စစ်ကြောရေးတွင် သေဆုံးသူ ၁၀ ဦး၊ ရဲစခန်းတွင် သေဆုံးသူ အမျိုးသား ၁ ဦး၊ အကျဉ်းထောင်များတွင် သေဆုံးသူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၆ ဦး စုစုပေါင်း ၁၉ ဦး အထိ ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းများအရ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။