ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဒုတ္တရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို မုဒိန်းကျင့်သတ်ဖြတ်သွားသူကို ဖမ်းဆီးရမိခဲ့ပြီး ထိုကျုးလွန်သူတရားခံအား သေဒဏ်စီရင်ပေးပါရန် ပူတာအိုဒေသခံများက မေလ ၁၃ ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် မဂွမ်ရိန်ဒူနော်အား မုဒိန်းကျင့်သတ်ဖြတ်သွားသူမှာ မန္တလေးမြို့ကနေ ပူတာအိုမြို့ရှိ စတီးသံပန်းနှင့် ပရိဘောဂဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် ၎င်းကို မေလ ၁၂ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ရပ်ကျေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဖမ်းမိတာက မနေ့ (မေလ ၁၂ ရက်) က နေ့လည် ၁ နာရီလောက်မှာ ဖမ်းမိတာ။ သူက လေယာဥ်ထဲက သံပန်း၊ ပရိဘောဂတွေ လုပ်တဲ့ဆိုင်မှာနေတာ၊ အဲ့သူနေတဲ့နေရာမှာ ဖမ်းမိလိုက်တာ။ ဖမ်းပြီး ရဲစခန်းထဲ တခါတည်းခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
အသက် ၂၄ နှစ်အရွယ် ကိုကျော်သူရကိုသည် မဂွန်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် လက်ကိုင်ဖုန်းကိုပါ လုယက်သွားပြီး အဆိုပါလက်ကိုင်ဖုန်းကို ဖုန်းဆိုင်၌ လာရောက်ရောင်းချရာကတဆင့် ခြေရာခံမိကာ ဖမ်းဆီးလိုက်နိုင်ခြင်း ဖြစ်သည်ဟု ပူတာအိုမြို့ခံအမျိုးသမိးက ပြောပါသည်။
မုဒိန်းကျင့်သတ်ဖြတ်ခံရသူ မဂွမ်ရိန်ဒူနော်ဟာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်း၌ မိခင်ဖြစ်သူနှင့်အတူ မုန့်ညှင်းဆီ သွားကြိတ်ရာတွင် မိခင်ဖြစ်သူက မုန့်ညှင်းဆီကြိတ်သည့် နေရာမှာနေခဲ့ပြီး မဂွန်ရိမ်ဒူနော်က နေအိမ်ကို တယောက်တည်း ပြန်လာရာတွင် လူပြတ်သည့် လမ်းခုလတ် သက်ကယ်တောတစ်နေရာ၌ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“လက်တွေဘာတွေ ချိုးခံထားရတာလို့ သိရတယ်။ နောက်ပြီးတော့ မုဒိန်းပါကျင့်ပြီး သတ်လိုက်တာ။ ကလေးမဆီက လုသွားတဲ့ဖုန်းကို ဖုန်း Second ရောင်းတဲ့ဆိုင်မှာ ရောင်းခဲ့တာ။ အဲ့ကနေ သူ့ကိုတဆင့် မိသွားတာ” ဟု ပူတာအိုမြို့ခံ နောက်တစ်ဦးက ပြောဆိုသည်။
မုဒိန်းမှုကျူးသူကို ပူတာအိုရဲ၊ ရဝမ်ပြည်သူ့စစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဖမ်းဆီးခဲ့ပြီးနောက် မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် နစ်နာသူမိသားစုဝင်များနှင့်အတူ ဒေသခံပြည်သူ စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့်က တရားခံကို သေဒဏ်စီရင်ပေးရန်နှင့် မုဒိန်းမှုကင်းစင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ကြွေးကြော်သံများနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“အဓိက သူတို့စာရွက်ကိုင်ပြီး တောင်းဆိုတာတော့ အမှုမှန်ပေါ်ပေါက်ဖို့၊ မှန်မှန်ကန်ကန် ပြစ်ဒဏ်ချပေးဖို့ နောက်နောင် ဒါမျိုးမဖြစ်အောင် ပူးပေါင်းပါဝင်ဖို့ ပါတယ်။ ဒါပေမယ့် ကြွေးကြော်တဲ့နေရာမှာတော့ တရားခံကို သေဒဏ်ပေးဖို့ ပိုပြီးတောင်းဆိုကြတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
ပူတာအိုမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် တို့တွင်လည်း အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး မုဒိန်းကျင့်ခံခဲ့ရသည့် အမှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
ပူတာအိုတွင် စစ်အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးသည့် မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
KNG ပေးပို့သည်။