ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသားတပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်ရှိ တအာင်းတပ် TNLA ၏ တပ်စခန်းကို စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု TNLA က သတင်းထုတ်ပြန်သည်။
PSLF/TNLA ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးက “ဇွန်လ ၉ ရက်နေ့က လေးနာရီခွဲဝန်းကျင်မှာ ပစ်တာ။ နှစ်ကြိမ်ပေါ့၊ လက်နက်ကြီး ပစ်ခတ်တာတွေ နောက်တစ်ခုက ပေါင် ၅၀၀ ဗုံးနဲ့တစ်ကြိမ် လာကြဲသွားတာ။ တိုက်ခိုက်တဲ့ နေရာကတော့ ပန်တင်နဲ့ မန်ပြိန်းရွာကြားဖြစ်ပါတယ်” ဟု ပြောသည်။
မိုးမိတ်မြို့နယ် ပန်တင်ကျေးရွာနှင့် မန်ပိန်းကျေးရွာအကြားရှိ PSLF/TNLA တပ်စခန်းကို ဇွန်လ ၉ ရက်နေ့၊ ညနေပိုင်း ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ညနေ ၅ နာရီကျော်ချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် အဆိုပါ တိုက်ခိုက်ခံရမှုထဲ တအာင်းတပ် TNLA က တပ်ဖွဲ့ဝင် ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု လွေးယေဦးက ဆက်ပြောသည်။
“ဒီ တိုက်ခိုက်ခံရမှုမှာ ကျမတို့တပ်က ၃ ဦးတော့ ထိခိုက်သွားတယ်။ အခု သူတို့က ဆေးကုသမှု ခံယူနေပါတယ်။ ဒီတိုက်ခိုက်မှုပြီး နောက်ပိုင်းတော့ လက်ရှိအချိန်ထိတော့ တိုက်ပွဲသတင်းတက်လာတာ မရှိသေးဘူး။ ဒီလိုမျိုး စစ်ကောင်စီက ထပ်ပြီး လာကြဲတာမျိုးလည်း မတွေ့ရသေးဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က မိုးကုတ်နှင့် မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းတပ် TNLA တပ်စခန်းများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် (၅၀၀) ဗုံးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု TNLA က ဆိုသည်။
ယခု ဇွန်လ ၁ ရက်နေ့ မှ ဇွန်လ ၉ ရက်နေ့ အထိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ များရှိသည့် နေရာများဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များထဲက TNLA ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီတပ်ဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်လေ့ရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တို့အကြား ဟိုင်ဂင်သဘောတူချက်အရ အပစ်ခတ်ရပ်ထားကြသော်လည်း ၎င်းတို့ (စစ်တပ်) ဘက်က လိုက်နာမှုမရှိဘဲ TNLA တပ်စခန်း တည်ရှိရာနေရာများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု လွေးယေဦးက ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်နှင့် မူဆယ်မြို့နယ်ထဲက စစ်ကောင်စီတပ်များ စစ်အင်အားဖြည့်တင်းမှုများ ရှိနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။
NMG ပေးပို့သည်။