မင်းပြားစစ်ကောင်စီသင်တန်းကျောင်း လက်နက်ပစ်ခတ်သံကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများစိုးရိမ်

0
296
ပုံစာ - မင်းပြားစစ်ကောင်စီသင်တန်းကျောင်း (ဓာတ်ပုံ - မြဝတီ)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ကမ်းနီကျေးရွာအနီးက စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို (၉) တွင် ဇွန်လ ၆ ရက်မှ ၈ ရက် အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ဒေသခံများမှာ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုသည်။

“ပစ်တာကတော့ ၃ ရက် ဆက်ပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေကြားရတယ်။ ညအချိန်တွေမှာလည်း ပစ်တယ်။ ဘာလို့ပစ်တာလဲတော့ ကျနော်တို့လည်း မသိဘူး။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်မလားဆိုပြီးတော့ ကြောက်နေကြတာပေါ့” ဟု လုံခြုံရေအရ အမည်မဖော်လိုသည့် ကမ်းနီကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် မင်းပြားမြို့နယ် မေလွမ်းကျေးရွာသားများကလည်း ယမန်နေ့က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ၁၀ ချက်ကျော် ကြားလိုက်ရကြောင်း ဒေသခံရွာသားများက ပြောကြသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါဒေသခံများမှာ နီးစပ်ရာကျေးရွာများကို ထွက်ပြေးခဲ့ရသည့်အတွက် တဖန်တိုက်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်မိကြောင်း ကမ်းနီကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်တိုက်ပွဲဖြစ်တုန်းကလည်း ပေါက်တော၊ မြေပုံဘက်တွေကို ထွက်ပြေးခဲ့ရတယ်။ ရွာအနီးတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်မိတယ်။ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က အဆိုပါ တိုင်းဗဟို (၉) စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခတ်မှုကြောင့် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ရသည်အထိ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

စစ်ကောင်တပ်နှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ပြီး လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် တကျော့ပြန် တိုက်ပွဲရပ်တန့်နေသည်မှာ ၆ လကျော်အထိ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

အပစ်အခတ် ရပ်စဲကာလတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေခြင်းမှာ ပြည်သူလူထုကို ထိန်လန့်အောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “အရင်တုန်းကဆိုရင် ကျနော်တို့ သိရသလောက်တော့ သူတို့ (စစ်ကောင်စီ) က လေ့ကျင့်ရေးလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်တွေ အသိပေးတာတွေ ရှိတယ်။ အခုက ဒီလိုမျိုး ထုတ်ပြန်ထားတာလည်းမရှိဘူး။ ဒီလိုလုပ်တာဟာ ပြည်သူတွေကို ကြောက်လန့်အောင်လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ဒီဟာတွေဟာ လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးလို့မြင်ပါတယ်” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် AA အပါအဝင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း NDAA ထိန်းချုပ်ရာ မိုင်းလားမြို့တွင် တွေ့ဆုံနွေးခဲ့သော်လည်း ရလဒ်ကောင်းများ တစ်စုံတရာ မရှိခဲ့ပေ။

ယင်းနောက် ယခုရက်ပိုင်းတွင် ထိုသို့သေနတ်ပစ်သံများ ထွက်ပေါ်လာခြင်းအပေါ် ရခိုင်ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။

အောင်ထိန် (DMG) ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here