မင်းတုန်းတွင် လေကြောင်း တိုက်ခိုက်ခံရ၍ ရခိုင်ကုန်သည်များအပါဝင် ၂၀ ကျော် သေဆုံး

By MPM 2 မတ်, 2026 👁 4

ရခိုင်ပြည်နှင့် ထိစပ်နေသည့် မကွေးတိုင်း မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီး ကုန်တင်ကားများ ရပ်နားသည့်နေရာကို စစ်ကောင်စီသည် လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရခိုင်ကုန်သည်များနှင့် ကားသမားများအပါဝင် ၂၅ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် ပကဖ တာဝန်ရှိသူများထံက သိရသည်။

မတ်လ ၁ ရက်၊ နေ့လည် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ကုန်သည်နှင့် ကားသမား ၂၅ ဦး သေဆုံးခဲ့ပြီး ကုန်တင်ကား ၁၀ စီးထက်မနည်းနှင့် ဆုံးရှုံးတန်ဖိုး ကျပ်သိန်း နှစ်သောင်းဝန်ကျင်ခန့် ရှိနိုင်ကြောင်း သရက်ခရိုင် ပကဖ တာဝန်ခံ ကိုဗဟိန်းက ပြောသည်။

“စစ်ကောင်စီက မင်းတုန်းမြို့နယ် ပြောင်းရွာအနီးက ကုန်သည်တွေနဲ့ ခရီးသွားတဲ့ နားခိုတဲ့ နေရာကို လေကြောင်းက ၈ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်။ ပေါင် ၃၀၀ ဗုံး ၁၀ လုံးနဲ့ ရော့ကတ်တွေ တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ခရီးသွားပြည်သူနဲ့ ဒေသခံ ၂၅ ဦး သေဆုံးပြီးတော့ ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ပြောသည်။

ဆက်လက်ပြီး သူက “ကျနော်တို့ အတည်ပြုရတဲ့ အထဲမှာ ဒေသခံ ၃ ဦး ပါပြီးတော့ ကျန်တဲ့ ၂၂ ဦးကတော့ ရခိုင်တွေလားဆိုတော့ အတည်ပြုလို့ မရနိုင်သေးဘူး။ ဒဏ်ရာရရှိသွားတဲ့ သူတွေကိုလည်း အတတ်နိုင်ဆုံး ဆေးကုသမှုတွေ ပြုလုပ်ပေးနေမယ့် အခက်ခဲအချို့တော့ ရှိနေတယ်” ဟု ပြောသည်။

ပြောင်းကျေးရွာအနီး ကုန်သွယ်ရေးစခန်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသွားသူများ အမျိုးသား ၂၃ ဦး နှင့် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ ၂၀ အထဲတွင် ဒဏ်ရာပြင်းထန်သူ ၁၀ ခန့် ပါဝင်ကြောင်း ကိုဗဟိန်းက ဆက်ပြောသည်။

ယခု တိုက်ခိုက်ခံရသည့် ကုန်သွယ်ရေးဂိတ်မှာ ရခိုင်ပြည်ဖက်သို့ ကုန်စည်များ ပို့နေသည့် နေရာဖြစ်ပြီး ဒေသခံ ၃ ဦးကလွဲပြီး ကျန် ၂၂ ဦးမှာ ရခိုင်ကုန်သည်နှင့် ခရီးသွားများဖြစ်သည်ဟု မင်းတုန်းကို ရောက်ရှိနေသည့် ရခိုင်ကုန်သည်တစ်ဦးက DMG ကို ပြောသည်။

လက်ရှိ မင်းတုန်းဒေသတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး လေကြောင်းတိုက်ခိုက်ခံရသည့် နေရာကို သွားလာခွင့်ပိတ်ထားသဖြင့် ကုန်သွယ်မှုလမ်းကြောင်းလည်း ရပ်တန့်သွားနိုင်မည့် အခြေအနေရှိကြောင်းလည်း မင်းတုန်းရောက် ရခိုင်ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ရခိုင်ကုန်သည် ၂၀ ကျော်လောက် ပါသွားတယ်။ နာမည်အတိအကျ မသိရသေးဘူး။ အခုလို ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်ခံရတော့ ရခိုင်ပြည်အတွက် ကုန်စည်ဝင်လာမယ့် လမ်းကြောင်းတစ်ခု လျော့နည်းသွားတဲ့ အဆင့်ဖြစ်သွားပြီ။ မျှော်လင့်ချက် သိပ်မရှိတော့ဘူး” ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာမှာ ရခိုင်သို့ ပို့မည်ကုန်စည်များနှင့် ရခိုင်က လာသည့် ကုန်သည်များ စုဝေးသည့် နေရာဖြစ်၍ ရခိုင်ကုန်သည်များနှင့် ကားသများ ထိခိုက်သေဆုံးမှု မြင့်တက်ခဲ့ရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကည်း မင်းတုန်မြို့နယ် အနောက်ဖက်က ကျေးရွာအချို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့မှုမျာကို ပြုလုပ်ခဲ့ကြောင်း မင်းတုန်းဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှု မရှိစေရေး အဖက်ဖက်က ပိတ်ဆို့ထားသဖြင့် ရခိုင်ကုန်သည်များမှာလည်း ရရာနည်းလမ်းဖြင့် ကုန်သွယ်ရေးလုပ်နေကြခြင်းဖြစ်သည်။

DMG