မင်းတပ်မြို့နယ်အတွင်း ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့

By MPM 18 ဇန်နဝါရီ, 2023 👁

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့က အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၃) အတွင်း လီလောင်း (Li Lawng) ကျေးရွာမှာ ဇန်နဝါရီလ ၉ ရက်ညက စစ်ကြောင်းထိုးပြီး ပြန်လှည့်လာတဲ့ ခလရ ၂၇၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အစ်မဖြစ်သူ နဖူးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ရွာထဲကိုကျော်သွားပြီ ညကြီးမှ ပြန်လှည့်လာပြီးတော့ သူတို့အိမ်နဲ့ လမ်းက နီးနီးလေးဆိုတော့ ကားလမ်းကနေ သူတို့ ပစ်လိုက်တာ။ အခု သေသွားတဲ့သူနဲ့ သူ့အစ်မက လက်ဆွဲကိုင်ပြီးတော့ အိမ်ဘေးဖက်ပြေးတော့ သူတို့က သေနတ်နဲ့ ပစ်လိုက်တာ။ မျက်နှာက ဘာမှရစရာမရှိဘူး၊ သူ့မျက်နှာက အကုန်လုံး နှာခေါင်းရော၊ ပါးစပ်လည်း အကုန်လုံး စုတ်ပြတ်သတ်နေတာ၊ ရင်ဘတ်အောက်တည့်တည့်မှာ အရှေ့ကနေ အနောက်ကို ထိုးဝင်သွားတာ သူတို့ပစ်တာ၊ သူ့အစ်မကျတော့ နှဖူးမှာ ရှပ်ထိသွားတာ။” လို့ သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးမှာ မဟာသီလို့သိရပြီး သူမရဲ့ဖခင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ကူလီထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်တဲ့ညမှာ သမီးဖြစ်သူ ပစ်သတ်ခံရတာဖြစ်ပါတယ်။

လီလောင်ကျေးရွာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ရွာသားအများစုဟာလည်း ကျေးရွာအတွင်း မနေထိုင်ရဲကြပဲ ထွက်ပြေးလေ့ရှိပါတယ်။

မဟာသီရဲ့ ရုပ်အလောင်းကို သဂြိုလ်တဲ့နေ့မှာလည်း လူမရှိတဲ့အတွက် လူအနည်းငယ်နဲ့သာ သဂြိုလ်ခဲ့ရတာလို့ သိရပါတယ်။

“တကယ်ကိုစိတ်နာတယ်၊ တော်တော်လေးကို ဝမ်းနည်းရတယ်၊ PDF တွေနဲ့စ စ်ဖြစ်ပြီး ထိသွားတယ်ဆိုရင်တော့ မတော်တဆလို့ပြောရမယ်။ အခုကတော့ဘယ်နဲ့မှ ဘာနဲ့မှဖြစ်တာမျိုးမရှိပဲနဲ့ သွားရင်းနဲ့ တမင်သက်သက်လုပ်တယ်။ အမှန်ဆိုရင် သူတို့က ယောကျာ်းလေးတွေလည်းမဟုတ်ပဲနဲ့ တကယ့်ကလေးငယ်တွေကို တမင်သက်သက် ဒီလိုမျိုးပစ်ကြတယ်ဆိုတော့ ဘာသဘောနဲ့ သူတို့မှာလည်း သားသမီးမရှိဘူးလား၊ သူတို့က လူတောင်ဖြစ်သေးရဲ့လား၊ အဲ့လိုလူမျိုးကို ခွေးနဲ့နှိုင်းကြတယ်။ တကယ်ဆိုရင် ခွေးက လူကိုအဲ့လိုမလုပ်ဘူးလေ၊ စိတ်ထဲမှာတော့ ခွေးထက်တောင်မှ အသိစိတ်မရှိဘူးလား၊ ခွေးထက်တောင် ဆိုးသလားဆိုပြီး ပြောချင်တယ်။” လို့ သေဆုံးသူနှင့် ဆွေမျိုးနီးစပ်သူက ပြောသည်။

လီလောင်း (Li Lawng) သည် မင်းတပ်မြို့နှင့် ၁၀ မိုင်ဝန်းကျင်ခန့်အကွာအဝေးတွင်ရှိသည်ဟု သိရပြီး အိမ်ခြေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

ကျေးရွာတလျောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး လူနေအိမ်များကို သေနတ်ဖြင့် ပစ်ဖောက်ခြင်း၊ အိမ်အတွင်းရှိ စောင်၊ ဘီရို၊ ပန်ကန်၊ စားနပ်ရိက္ခာများကိုလည်း ခိုးယူလေ့ရှိသွားကြသည်ဟု သိရသည်။

လက်ရှိတွင်လည်း လီလောင်းကျေးရွာမှ ပြည်သူများသည် တောထဲ၊ တောင်ထဲတွင် ညအိပ်ရသည်ဟုသိရပြီး မင်းတပ်မြို့နယ်ဘက်တွင် ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။

KMG – ပေးပို့သည်။