မကွေးတိုင်း မင်းတုန်း ရိုးတောင်ကျော်လမ်းတွင် စစ်အုပ်စုတပ် ထိုးစစ်ဆင်၍ တိုက်ပွဲပြန်လည်ပြင်းထန်

By MPM 27 နိုဝင်ဘာ, 2026 👁 56

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် ရခိုင်ပြည်၊ အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် ရိုးတောင်ကျော် လမ်းပိုင်းရှိ ကျေးရွာအချို့တွင် စစ်အုပ်စုတပ်၏ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

တလိုင်းတောင်-သဖန်ရောင် ရိုးတောင်ကျော်လမ်းရှိ ဂျို့ဝနှင့် ငကုန်းကျေးရွာ အနီးတစ်ဝိုက်တွင် အာရက္ခတပ် တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်အုပ်စုတပ်ဘက်က တိုက်လေယာဉ်များအပြင် ဂျိုင်ရိုကော်ပတာ (Gyrocopter) များဖြင့်ပါ လေကြောင်းမှ ပစ်ကူတိုက်ခိုက်လျက်ရှိသည်။

မင်းတုန်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲတွေ ဒီလပိုင်း အစမှာငြိမ်နေတာ စစ်တပ်ကအင် အားဖြည့်တယ်။ အေအေက ရိုးအောက်ဆင်းတယ် မကြားဘူး။ အခုက စစ်တပ် တလိုင်းတောင်ပေါ်က ဂျို့ဝနဲ့ ငကုန်းရွာကိုစပြီး တက်ထိုးနဲ့ အေအေက တန်ပြန်တိုက်တာ။ နှစ်ဘက် အကျအဆုံးရှိပေမယ့် တလိုင်းတောင်ပေါ်လမ်းက စစ်တပ်ယာယီစခန်းနှစ်ခုပါ ထိန်းလိုက်တော့ လေကြောင်းကူနေတာ” ဟု ပြောသည်။

လက်ရှိ စစ်အုပ်စုတပ် လေကြောင်းတိုက်ခိုက်၍ စစ်ကြောင်းထိုးနေသည့် ဂျို့ဝကျေးရွာသည် မင်းတုန်းမြို့၏ အနောက်တောင်ဘက်တွင်တည်ရှိပြီး ငကုန်းကျေးရွာသည် ရခိုင်ရိုးမတောင်ခြေတွင် တည်ရှိသည်။

AA နှင့် စစ်အုပ်စုတပ်တို့ နယ်မြေအပြန်အလှန် စိုးမိုးနိုင်ရန် ကြိုးပမ်းနေကြပြီး စစ်အုပ်စုတပ်သည် လေကြောင်းတိုက်ခိုက်မှုအပြင် ယာယီစခန်းများ အခိုင်အမာတည်ဆောက်၍ မြေပြင်ထိုးစစ်ဆင်ရန် အဓိက အားပြုလျက် ရှိသည်။

တလိုင်းတောင်လမ်းပိုင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်းများသည် ကံကြိုးနှင့် ငကုန်းကျေးရွာတို့ဘက်မှ ခွဲ၍ ထိုးစစ်ဆင်လာခြင်းဖြစ်ရာ ဂျို့ဝကျေးရွာဘက်အထိ စစ်ရေးကျယ်ပြန့်လာနေပြီး စစ်အုပ်စုတပ်သည် ညအချိန်များတွင် Y-12 လေယာဉ်နှင့် ဂျက်တိုက်လေယာဉ်များအသုံးပြုကာ ငကုန်းနှင့် ကံကြိုးကျေးရွာများသို့ ဗုံးကြဲတိုက်ခိုက်နေသည်။

မကွေးဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က ပစတွေနဲ့ သူတွေပဲပြောကြတာ ယာယီ ခြေကုပ်စခန်းတစ်ခု လက်လွတ်ရတယ်။ အသေအပျောက်များတယ်။ ဒါပေမယ့် လေယာဉ်ကကူတာ ပိုထိရောက်တယ်။ အေအေက ဆုတ်လိုက် တက်လိုက်ပဲတဲ့။ အေအေကလည်း သေတာပဲ။ စစ်တပ်က စစ်ဗိုလ်တွေလည်း မြေပြင်အထိဆင်းပြီး တိုက်နေတာ။ အချင်းချင်း မကျေနပ်တာတွေရှိတယ်။ တလိုင်းတောင်ပေါ် လမ်းနေရာ အများစုကို ဒီနှစ် ခြေကုတ်ယူဖို့ စစ်တပ်လုပ်နေတယ်။ ဒီဇင်ဘာမှာ အမ်းဘက် ပြန်တက်မယ် ကြားတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် တလိုင်းတောင်ကျော်လမ်းသို့ ယခုလပိုင်းအတွင်း တပ်အင်အား ၁,၀၀၀ ကျော်ဖြင့် ထိုးစစ် ဆင်နေခြင်းဖြစ်ပြီး တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေသဖြင့် တလိုင်းတောင်ပေါ်လမ်းရှိ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသလို AA နှင့် ပူးပေါင်းတပ်များဘက်ကလည်း အင်အားဖြည့်တင်းထားသည်။

တလိုင်းတောင်ကျော် လမ်းပိုင်းတစ်လျှောက်နှင့် မင်းတုန်းမြို့နယ် အနောက်ခြမ်းရှိ ငကုန်း၊ ကံကြိုးနှင့် သဖန်ရောင်ကျေးရွာ အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်သော်လည်း စစ်အုပ်စုတပ်အနေဖြင့် နယ်မြေအတည်တကျ စိုးမိုးတပ်စွဲနိုင်ခြင်း မရှိသေးဘဲ AA နှင့် မဟာမိတ်ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နှစ်ဖက်အကျအဆုံးများလျက်ရှိသည်။

NMG