မကွေးတိုင်း ပဒါန်းတွင် ချင်းလူမျိုးတစ်ဦးအပါအဝင် ရခိုင်စစ်ရှောင် ၇ ဦးဖမ်းဆီးခံရ

By MPM 27 ဧပြီ, 2026 👁 4

အာရက္ခတပ်တော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် နတ်ရေကန်တောင်အနီးတွင် တည်ရှိသည့် ပဒါန်းမြို့တွင် ချင်းလူမျိုးတစ်ဦးအပါအဝင်ရခိုင်စစ်ရှောင် ၇ ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းတွင်စစ်ရှောင်နေသည့် အမ်းဒေသခံရခိုင်အမျိုးသား ခြောက်ဦးနှင့် ချင်းအမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။

ချင်းအမျိုးသားမှာ ဧပြီ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရခိုင်အမျိုးသား ခြောက်ဦးမှာ ဧပြီ ၂၄ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပဒါန်းဒေသခံသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

“နှစ်ရက်အတွင်းမှာ စစ်ရှောင်တွေအဖမ်းခံရတာ။ အဓိက ရခိုင်ဖက်ကလာတဲ့စစ်ရှောင် ယောက်ျားလေးတွေကိုဖမ်းနေတာ။ ဒီနေ့အထိဖမ်းဆီးခံရသူ ၇ ဦးရဲ့  သတင်းအစအနမရသေးဘူး” ဟု ပြောသည်။

ချင်းအမျိုးသားမှာ ပဒါန်းမြို့တွင်ဖမ်းဆီးခံရကာ ရခိုင်အမျိုးသားများမှာစစ်ကော်မရှင်၏ ပဒါန်း နတ်ရေကန်ဆီဆိုင်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ဖြင့်သွားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရခိုင်စစ်ရှောင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“အခုအဖမ်းခံရတဲ့သူတွေက ပဒါန်းဖက်မှာ အလုပ်လုပ်နေတဲ့သူတွေ။ မိသားစုဝမ်းရေးအတွက် ရုန်းကန်နေကြ တာပေါ့။ ချင်းအမျိုးသားက မြို့ထဲမှာပဲ စစ်ကောင်စီက ဖမ်းသွားတာ။ ရခိုင် ခြောက်ယောက်က ဆိုင်ကယ် သုံးစီးစီးပြီးသွားတာ နတ်ရေကန်ဆီဆိုင်ဂိတ်က စစ်ကောင်စီတွေက ဖမ်းသွားတာ။ ဆိုင်ကယ်ရောလူရော ပေါ်မလာဘူး” ဟု ပြောသည်။

နိရဉ္စရာကစုံစမ်းချက်အရ ဖမ်းဆီးခံရသူများအထဲမှ ချင်းလူမျိုးမှာ အမ်းမြို့နယ်၊ ဒါးလက်ချောင်း နတ်မော်ရွာက အသက် ၄၀ အရွယ် ကိုကျော်နိုင်ဖြစ်ပြီး နောင်ထပ် ဖမ်းဆီးခံရသူများ၏ အမည်အသက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဧပြီလ ၉ ရက်နေ့ ညနေကလည်း. စမြွန်းရွာနေအဖဦးကုလားနဲ့အမိ မမော်တို့သား အသက် (၃၂) အရွယ် အမ်းမြို့ဆောက်လုပ်ရေးတွင်နေခဲ့သူ ကိုဇင်ကိုအား အကြောင်းပြချက်တစ်စုံတစ်ရာမပေးဘဲ စစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်းကလည်း ပဒါန်းမြို့နယ်တွင် စစ်ရှောင်နေသည့် လူငယ်၊ လူလတ်ပိုင်း ရခိုင်နှင့် ချင်းလူမျိုးအပါအဝင် ရခိုင်မှ ပြည်မကိုသွားသည့် လူငယ် ၅၀၀ ခန့် အကြမ်းဖက်မြန်မာစစ်တပ်ထံ ဖမ်းဆီးခံထားရပြီး အဆက်သွယ်မရပျောက်ဆုံးနေကြောင်း သိရသည်။

နိရဉ္စရာ