မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တို့ကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန်သည်။
မဟာမိတ်အဖြစ်ဖွဲ့စည်းလိုက်သည့် အဖွဲ့များကို လုံခြုံရေးကြောင့် ထုတ်ဖော်ပြသသွားမည် မဟုတ်ဘဲ သဘောတူညီချက် ၁၀ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ Myingyan Black Tiger က သတင်းထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။
“ဘုံသဘောတူညီချက်တွေအရ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ထုတ်မပြရဆိုတာမျိုး ပါရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ပြသလို့မရပါဘူး။ MOD အောက်က တပ်ရင်း တပ်ဖွဲ့တွေ၊ ပ.အ.ဖ၊ ပ.က.ဖ၊ ပ.လ.ဖ တွေနဲ့လည်း ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” လို့ Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ပြည်သူများအနေဖြင့် စိတ်ဓာတ်ကျမှု၊ ဘယ်ကိုကြောက်ရမှန်းမသိသည့် စိုးရိမ်မှုများအပေါ် အားတင်းထား ကြရန်နှင့် စစ်ကောင်စီကို တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းများ ရှိနေပြီဖြစ်သောကြောင့် ပူးပေါင်းပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။
လက်ရှိအချိန်တွင် ရေစကြိုနှင့် မြောင်ဒေသများသည် ရေတက်ချိန်ဖြစ်ပြီး ရေကျချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုးလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရန် ဒေသခံတပ်များ ပူးပေါင်းပြီး မဟာမိတ်အင်အားစုကို ဖွဲ့စည်းခဲ့ကြတာဟု ဆိုသည်။
ဒေသခံပြည်သူများ ငြိုငြင်စေမည့် မတရားမှုမှန်သမျှကို ဝိုင်းဝန်းတိုက်ထုတ်ရန်၊ မိမိ အခြေစိုက်ရာ ဒေသ/ ကျေးရွာများကို စစ်ကောင်စီတပ်များက အနိုင်ကျင့်ရမ်းကားနေမှုများကို နောက်မဆုတ်တမ်း အစဉ်ညီညွတ်စွာ ဝိုင်းတိုက်ရန်၊ ဒေသခံကာကွယ်ရေးအဖွဲ့များ အချင်းချင်း အပြန်အလှန် အကူအညီ ပေးနိုင်ဖို့နဲ့ စစ်ကောင်စီတပ် ကို ဘုံရန်သူအဖြစ် သဘောထားပြီး တော်လှန်ရေး အင်အားစုများကြား သဘောထား ကွဲနေမှုများ၊ ညီညွတ်မှု ပျက်ပြားနေမှုများ၊ အနိုင်ကျင်မှုများကို ဝိုင်းဝန်းအဖြေရှာပြီး ပူးပေါင်းဖြေရှင်းရန် စသည့် အချက် ၄ ချက်ကို အခြေခံထားပြီး မဟာမိတ်တပ်ပေါင်းစု ပုံဖော်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။