ဘုတ်ပြင်းတွင် မြေမြှုပ်မိုင်းကြောင့် ခြံလုပ်သားတစ်ဦးဒဏ်ရာရ

By MPM 12 ဇွန်, 2024 👁

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာတွင် ခြံရှင်းနေသည့် လုပ်သားတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီခန့်က အသက် ၄၆ နှစ်အရွယ် ဦးကျော်သက်နိုင်သည် တောင်ငယ်ကျေးရွာ အဝင်အဝလမ်းဘေးရှိ ရော်ဘာခြံတွင် မြက်ရိတ်စက်နှင့် ခြံရှင်းနေစဉ် မြေမြှုပ်မိုင်းကို မြက်ရိတ်စက်နှင့် သွားရောက် ဖြတ်မိရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်သက်နိုင်၏ ဝဲဘက်ခြေသလုံး ဒူးအောက်ပိုင်းတွင် မိုင်းစဖောက်ဝင်၊ ယာဘက် မျက်ခုံးပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းကို ဒေသခံလူမှုကူညီရေးအဖွဲ့က ပြည်ကြီးမဏ္ဍိုင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေ ၂ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် မိန်းကလေးငယ်တစ်ဦး ခြေထောက်ပြတ်တောက်ခဲ့သေးသည်။

သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ ပြီးခဲ့သော မေလထုတ်အစီရင်ခံစာရ တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ်က ဥယျာဉ်ခြံများနှင့် လူသွားလူလာလမ်းတွင် မြေမြှုပ်မိုင်းထောင်မှု ပိုမိုပြုလုပ်လာပြီး မိုင်းထိလို့ လျော်ကြေးတောင်းခံသူများကိုလည်း မိုင်းကွင်းဖျက်ဆီးသည်ဟုဆိုပြီး ငွေကြေးတောင်းခံတာတွေ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အချက်အလက်များအရ စစ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေအတွက်သည် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီး သုံးနှစ်တာအတွင်း ၁၇၂၆ ဦး အထိ ရှစ်ဆနီးပါး တိုးမြှင့်လာသည်ဟုဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။