ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာချင်းဆက်လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ်ဖျက်ဆီး

By MPM 23 အောက်တိုဘာ, 2023 👁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်-ခဲမောက်-ရွှေရောင်ပြ ကျေးရွာချင်းဆက် လမ်းပိုင်းနှစ်ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ ည ၇ နာရီခန့်က အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ်မှ ဒေါက်ရပ်-ခဲမောက်နှင့် ခဲမောက်-ရွှေရောင်ပြ ကျေးရွာချင်းဆက် လမ်းပိုင်းနှစ်ခုကို ဘတ်ဟိုးဖြင့်ထိုးပြီး ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဒေါက်ရပ်-ခဲမောက် ကျေးရွာချင်းဆက် လမ်းပိုင်းကို အကျယ် ၄ ပေ လောက်နဲ့ အနက် ၅ ပေ ကျော်‌ကျော်လောက် တူးဖော်ဖျက်ဆီးခဲ့တာပါ။‌နောက်ပြီး ရွှေရောင်ပြ-ခဲမောက်လမ်းပိုင်းက ၂၅ ပေ အရှည်ရှိ တံတားတစ်စင်းနဲ့ လမ်းပိုင်း တစ်ခုကိုလည်း ဖျက်ဆီးသွားပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို လာရောက်တိုက်ခိုက်ရာတွင် ထိုလမ်းပိုင်ကို အသုံးပြုနေသည်ဆိုပြီး စစ်ကောင်စီတပ်က ယခုလို လမ်းလာ‌ရောက် ဖျက်ဆီးသွားခဲ့သည်ဟု ယူဆရကြောင်း အထက်ပါဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့သည့် ထိုကျေးရွာချင်းဆက် လမ်းပိုင်းသည် တော်လှန်ရေးအင်အားစုများ အသုံးပြုတာထက် ဒေသခံပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စများအတွက် အများဆုံး အသုံးပြုနေရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ထိုသို့စစ်ကောင်စီတပ်မှ ကျေးရွာချင်းဆက်လမ်းပိုင်း နှစ်ခုအား ဖျက်ဆီးခဲ့သဖြင့် ဘီးလင်းမြို့နယ် ခဲမောက်၊ ကြိုးဝိုင်း၊ ကဒီပု၊ သစ်ချတောင် အစရှိသော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်မှ မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းအပါအဝင် ကျေးရွာချင်းဆက် လမ်းပိုင်း ၁၀ ခု ထက်မနည်း ဖျက်ဆီးထားကြောင်း သိရသည်။

IMNA ပေးပို့သည်။