ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်းဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်စွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကနေ သဘာဝ ဓာတ်ငွေ့ (ဂတ်စ်) ဝယ်ယူပြီး ပိုက်လိုင်းဖြင့်သွယ်တန်းကာ တင်သွင်းနိုင်ရန် စစ်အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူထားကြသည်။
ဩဂုတ်လ ၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျှပ်စစ်၊ စွမ်းအင်နှင့် သယံဇာတဝန်ကြီး အစ်က်ဘယ်လ် ဟာဆန် မာမွတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးတို့ တွေ့ဆုံးခဲ့ကြပြီးနောက် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းသွယ် တင်သွင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ဖက်က ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် မြန်မာကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်မည့် ဂတ်စ်ပိုက်လိုင်းသွယ်တန်းရေး ဆွေးနွေးမှုမှာ အာရက္ခတပ်တော်၏ ခွင့်ပြုချက်မရရှိဘဲ ဖြစ်လာနိုင်စရာမရှိကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် ဘင်္ဂလားဒေ့ရှ်အရေး ကျွမ်းကျင်သူများက ပြောသည်။
ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမျိုးကျော်က “ရခိုင်ပြည်ရဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်း၊ နယ်စပ်ဒေသတွေဆိုတာက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တယ်။ ဒီအချိန်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ရခိုင်ဖက်က ဂတ်စ်ကို ပိုက်လိုင်းနဲ့ သွယ်တန်းယူမယ်လို့ ပြောတဲ့အခါ အာရက္ခတပ်တော်ရဲ့ သဘောတူညီချက်မပါပဲနဲ့ အကောင်အထည်ဖော်လို့ ရနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင်း စစ်တွေ၊ ကျောက်ဖြူစသည့် မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေကြဆဲဖြစ်သည်။
ထို့အတူ အဆိုပါ စီမံကိန်းမှာလည်း မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကို မသိရသေးသဖြင့် စောင့်ကြည့်ရမည် အနေအထားအဆင့်တွင်သာ ရှိသေးကြောင်း ဦးမျိုးကျော်က ဆက်ပြောသည်။
အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝ ဒေသတို့ကို ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်ပြီး နယ်စပ်ဒေသ တစ်ခုလုံး အရေးကိစ္စမှာ AA အုပ်ချုပ်မှုအောက်တွင် လက်တွေ့ရောက်နေသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်က လိုချင်နေသည့် ဂတ်စ်သည် ရခိုင်ကမ်းလွန်တွင်ရှိသည့် ရွှေဂတ်စ် ဓာတ်ငွေ့ စီမံကိန်းမှ ထွက်သည့် ဓာတ်ငွေ့များဖြစ်ပြီး စစ်တကောင်းမြို့ဘက်သို့ ပိုက်လိုင်းအသစ် သွယ်တန်းပြီး တင်ပို့ရန် စဉ်းစားနေခြင်းဖြစ်သည်။
ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်- မြန်မာ ဂတ်စ် ပိုက်သွယ်တန်းမည့် စီမံကိန်း လက်တွေ့အကောင်အထည်ဖော်ရာတွင် ရခိုင်ပြည်အတွက် အကျိုးဖြစ်ထွန်းစေပါက အာရက္ခတပ်တော်ကလည်း ခွင့်ပြုလာနိုင်ကြောင်း DMG အယ်ဒီတာချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်မင်းဦးက ပြောသည်။
“နိုင်ငံတကာထောက်ခံမှု အထူးသဖြင့် တရားဝင်မှုကတော့ ရရှိလာနိုင်တယ်။ ဘာဖြစ်လို့ဆို ဓာတ်ငွေ့ပဲဖြစ်ဖြစ် ရေနံပဲ ဖြစ်ဖြစ် ရခိုင်ပြည်က ဖြတ်သန်းရမယ်ဆိုရင် အတိုင်းတာတစ်ခုအထိ အာရက္ခတပ်တော်ကို အသိအမှတ် ပြုရမှာြဖစ်တယ်။ သူတို့သာ ခွင့်ပြုမှုမရှိရင် ဒီစီမံကိန်းက အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။ နိုင်ငံရေးအရ နိုင်ငံတကာမှာ အထိုက်အလျောက် ရရှိသွားနိုင်တယ်။ AA ဖက်ကတော့ နိုင်ငံခြား ဘယ်ရင်းနှီးမြှုပ်နှံမှုကို မဆို ကြိုဆိုတယ်။ လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ဖိတ်ခေါ်ထားတာရှိတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ် အကျိုးတူ လုပ်မယ်ဆိုရင်တော့ AA ဖက်က ကြိုဆိုနိုင်တယ်” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စီးပွားရေး ကုန်ထုတ်လုပ်ငန်းနှင့် လူဦးရေ မြင့်တက်လာနေသည့်အတွက် ပြည်တွင်း စက်သုံးဆီနှင့် လောင်စာလိုအပ်ချက်မှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာနေသည်ဟု ဘင်္ဂလားဒေ့ရှ်အရေး ကျွမ်းကျင်သူများက ပြောသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့နှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်ကြဖို့ကိုလည်း အာရက္ခတပ်တော်၏ တပ်မှူးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ပြောထားသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခတပ်တို့ကြားတွင် နယ်စပ်အရေးနှင့်ပတ်သက်ပြီး ဆက်ဆံရေးတစ်ချို့ ရှိနေသော်လည်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်းများ မတွေ့ရပေ။
DMG