ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်အကြား ယခင်ကတည်းက ရှိနှင့်ပြီးဖြစ်သော ကောင်းမွန်သည့် ဆက်ဆံရေးအပေါ်တွင်မူတည်၍ ယခု ဘင်္ဂလားဒေ့ရှ်အစိုးရသစ်လက်ထက်တွင်လည်း မိတ်ဖက်ဆက်ဆံရေးဖန်တီးရန် အခွင့်အလမ်းရှိနေကြောင်း အာရက္ခတပ်တော် (AA) က ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလူရာမန် (Dr. Khalilur Rahman) အား ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ယခုကဲ့သို့ ရေးသားပြောဆိုထားခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ပိုင် BSS သတင်းတွင် ဖော်ပြထားသည်။
သဝဏ်လွှာပါ သတင်းစကားအရ အာရက္ခတပ်တော်အနေဖြင့် မွတ်ဆလင်ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ညွှန်ပြနေပုံရသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း ယခုသီတင်းပတ်များအတွင်း ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်ရေလုပ်သားများအား အာရက္ခတပ်တော်က လွှတ်ပေးခဲ့သည်။
ယင်းလုပ်ရပ်မှာ အာရက္ခတပ်တော်အနေဖြင့် ယခုအသစ်ဖွဲ့ပြီးသော ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်စေရေးအတွက် အပြုသဘောဆောင်သည့် လုပ်ရပ်လည်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက ရှုမြင်သည်။
ထို့အပြင် ယခင် ကြားဖြတ်အစိုးရ ဒေါက်တာယူနွတ်အစိုးရလက်ထက်တွင် ရခိုင်နှင့် ကူးလူးဆက်ဆံရေးတွင် အခက်အခဲ အချို့ရှိခဲ့သော်လည်း လက်ရှိ အစိုးရသစ်လက်ထက်တွင် ရခိုင်နှင့် ဆက်စပ်နေသည့် ကုန်သွယ်ရေး၊ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မွတ်ဆလင်ဒုက္ခသည်အရေးများနှင့် ဆက်စပ်၍ နှစ်ဖက်ကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေးလေ့လာသူများက သုံးသပ်နေကြသည်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး လေ့လာသူတစ်ဦးက “အရင်က ဒေါက်တာယူနွတ်အစိုးရက ကြားဖြတ်အစိုးရ ဖြစ်တဲ့အတွက် ရခိုင်နဲ့ ပတ်သက်ပြီး လုပ်ရကိုင်ရ မလွတ်လပ်တဲ့ အပိုင်းရှိတယ်။ အခုအစိုးရကတော့ လူထုရွေးချယ်တင်မြှောက်ထားတဲ့အတွက် လူထုက ပေးတဲ့တာဝန်နဲ့ တိုင်းပြည်ကို အပြောင်းအလဲလုပ်မယ့် အစီအစဉ် ရှိမယ်။ ရခိုင်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကုန်သွယ်ရေး၊ နယ်စပ်တည်ငြိမ်ရေးကိစ္စတွေ အထူးသဖြင့် နှစ်ပေါင်းများစွာ သူတို့ပခုံးထက် ထမ်းထားရတဲ့ မွတ်ဆလင်ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး သူတို့ ဖြေလျှော့ဖို့ အများကြီး စဉ်းစားလာကြမယ်လို့ ယုံကြည်တယ်” ဟု DMG ကို ပြောသည်။
အာရက္ခတပ်တော်သည် မောင်တောမြို့နယ်ကို သိမ်းပိုက်ပြီးစဉ်က မောင်တော ကညင်ချောင်းစီးပွားရေးဇုန်၊ တောင်ပြိုလက်ဝဲ၊ ဗန္ဒုလ၊ နံ့သာတောင်အပါအဝင် အချို့နေရာများမှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ကူးလူးဆက်နွှယ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပိတ်ပင်မှုများ၊ နယ်စပ်မတည်ငြိမ်မှုများနှင့်အတူ ကုန်သွယ်မှု လုံးဝရပ်တန့်လုနီးပါးအနေအထားတွင် ရှိနေသည်။
ယင်းအပြင် နယ်စပ်ဒေသ မောင်တောမြို့နယ်အတွင်း စိမ့်ဝင်လှုပ်ရှားနေသော ARSA၊ RSO၊ ARA၊ RIMစသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်မှာလည်း အာရက္ခတပ်တော်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့ကြား ပူးပေါင်းဖြေရှင်းရန် လိုအပ်သည့် ပြဿနာတစ်ခုဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ ဒေါက်တာခါလီလူရာမန်ကို ပို့ပေးတဲ့ ဝမ်းမြောက်သဝဏ်လွှာမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး တောင်းဆိုထားတာ ရှိတယ်။ ဒါတွေကြောင့် အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးတွေ၊ မွတ်ဆလင်ဒုက္ခသည်အရေးတွေနဲ့ပတ်သက်ပြီး ပိုကောင်းလာမယ်လို့ မျှော်လင့်တယ်။ နှစ်နိုင်ငံဆက်ဆံရေးသာ ကောင်းလာရင် မွတ်ဆလင်အရေးကိုလည်း သူတို့အတတ်နိုင်ဆုံး ဆွေးနွေးမှုတွေ လုပ်မယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
လက်ရှိ ဘင်္လားဒေ့ရှ်တွင် မွတ်ဆလင်ဒုက္ခသည် ၁ ဒသမ ၃ သန်းခန့် ရှိနေပြီး မွတ်ဆလင်ဒုက္ခသည် နေရပ်ပြန်ရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကုလအပါအဝင် အခြားနိုင်ငံများနှင့် ဆွေးနွေးနေဆဲဖြစ်သည်။
ယင်းအရေးကိစ္စများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အနေဖြင့် ရခိုင်နှင့် ဆက်ဆံရေးတွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ အပြုသဘောဆောင်သည့် ရလဒ်များရရှိရန် မျှော်လင့်နေကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။
DMG