ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောရေယာဉ်တစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ

By MPM 24 ဩဂုတ်, 2026 👁 79

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ကိုင်းတိုင်း၊ဗန်းမော်မြို့ဘက်ကို  ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်များက  ကန့်ဘလူမြို့နယ်ထဲမှာ  ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာမှ ၁ စီးထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် (၂၄) ရက်နေ့မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး သင်္ဘောရေယာဉ်အစီးရေ (၁၅) စီးထဲမှ (၁) စီးတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေးယာဉ် ၂ စီး၊ ကမ်းထိုးယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနဲ့ ကုန်တင်တွဲတွန်း ၈ စီးအပါအဝင် ၁၅ စီး ဆန်တက်လာတာလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ဗန်းမော်မြို့ကို  အပြည့်အဝ ပြန်လည်ထိန်းချုပ်ရေးအတွက် အခိုင်အမာ တပ်စွဲပြင်ဆင်နေတာဖြစ်ပြီး ရေယာဉ်တွေဟာ အဆိုပါမြို့ကို ဦးတည်တက်လာတာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။

လက်ရှိမှာတော့ အဲ့ဒီရေယာဉ်တန်းဟာ စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊  ကျောက်မှော်ကျေးရွာကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် မကြာမှီ အချိန်အတွင်း ကသာမြို့နယ်ထဲကို ရောက်ရှိလာမှာဖြစ်လို့ ကသာမြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာက ဒေသခံတွေကို လက်နက်ကြီးများနဲ့ လေကြောင်းအန္တရာယ်တို့ကြောင့် အမြန်ဆုံးတိမ်းရှောင်ကြဖို့ ဒီနေ့မှာ စာထုတ်ထားပါတယ်။

ရှမ်းနီအသံ