ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဟောင်ပါးကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်စောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရသည်။
ဖားကန့်၊ တာမခံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ပါးကျေးရွာထဲမှာ KIA နဲ့ PDF တွေ ရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် မနက် ၅ နာရီလောက်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဟောင်ပါးကျေးရွာခံ အမျိုးသမီးတစ်ဦးက အခုလိုပြောဆိုသည်။
“သူတို့က ဒီရွာထဲမှာ KIA၊ PDF တွေ ရှိတယ်ဆိုပြီး သတင်းရသွားတာ၊ အဲ့တာနဲ့ မနက် ၅ နာရီလောက်မှာ တာမခံဘက်ကနေ လက်နက်ကြီးတွေပစ်ပြီး တက်လာတာ ဒီဘက်ကနေလည်း ပြန်ပစ်ဖြစ်တာပေါ့။ မိနစ်လေးဆယ်လောက်တော့ ကြာတယ် အပြန်အလှန်ပစ်ခတ်ကြတာ” လို့ ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ တာမခံကျေးရွာထဲကို စက်တင်ဘာလ ၈ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ စစ်သားအင်အား ၈၀ ကျော် ပါရှိတဲ့ စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ မနက်စောပိုင်းမှာ ဟောင်ပါးကျေးရွာကို အင်အား ၅၀ သုံးပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဒေသခံများက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်း ဟောင်ပါးရွာမရောက်ခင် KIA၊ PDF ဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ရွာထဲ မရောက်ဘဲ လမ်းခုလတ်က လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၁၀ ဦး ကို ဖမ်းဆီးသွားပြီး ပြန်လည် တပ်ဆုတ် သွားတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံအမျိုးသားတစ်ယောက်က ပြောသည်။
“အခု ပစ်သံတော့ မကြားတော့ဘူး။ တစ်နာရီလောက်ရှိပြီ ငြိမ်နေတာ ပြန်ဆုတ်သွားပြီ။ အရပ်သား ၁၀ ယောက် လောက်ကို လူသားဒိုင်းလုပ်ပြီး ပြန်ဆုတ်သွားတယ်။ အဲ့မှာ လမ်းမပေါ်မှာ သူတို့နဲ့ တိုးတဲ့လူတွေကို ဖမ်းသွားတာ၊ မှော်ဆိုတော့ ဘယ်ကလူတွေလည်းတော့ မသိသေးဘူး၊ ဆယ်ယောက်လောက် ပါသွားတယ်” လို့ ၎င်းက ပြောပါသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် ဟောင်ပါးရွာဘက်ကို လက်နက်ကြီး ၁၀ လုံး ထက် မနည်း ပစ်ခတ်ခဲ့တာကြောင့် ဟောင်ပါးကျေးရွာ ဘုန်းကြီးကျောင်း ထမင်းစားဆောင်အမိုး ပျက်စီးသွားသလို ကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့လည်း ဒေသခံတွေထံက သိရသည်။
ဟောင်းပါးဒေသခံများမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်လာချိန်ကတည်းက တောတောင်တွေထဲ တိမ်းရှောင်သွားကြပြီး၊ သက်ကြီးရွယ်အိုတွေနဲ့ ထွက်မပြေးနိုင်တဲ့ ကလေးငယ်နဲ့ အမျိုးသမီးအများစုက ဟောင်ပါး ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြကြောင်း သိရသည်။
KNG ပေးပို့သည်။