ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်ဆွေ ပစ်သတ်ခံလိုက်ရကြောင်း လုံးခင်းဒေသခံများက ပြောသည်။
အုပ်ချုပ်ရေးမှူးဦးကျော်ဆွေသည် သူ၏နေအိမ်အတွင်းရှိနေစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာ ခေါ်ဆောင်သွားရာမှ ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။
“နေ့လည် တစ်နာရီခွဲလောက်က အမျိုးသားနှစ်ဦး ရောက်လာခဲ့ပြီး စကားခန ပြောချင်တယ်ဆိုပြီး ၁ နာရီခွဲမှာ လာခေါ်သွားတာ၊ ၁နာရီ ၄၅ မိနစ်လောက်တော့ သေနတ်သံကြားရတော့ လုံးခင်းသုသာန်အနားမှာနေတဲ့သူတွေ သေနတ်သံကြားလို့ ထွက်ကြည့်တာ ပစ်သတ်ခံထားရတာလို့ သိရတယ်” ဟု ပြောသည်။
ဦးကျော်ဆွေသည် ယခင်အာဏာသိမ်းမှုမဖြစ်ခင် လုံးခင်းကျေးရွာအုပ်စု ရပ်ကွက် ၅ တွင် ရာအိမ်မှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာ အုပ်စုတစ်စုလုံး၏ အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ ဘာကြောင့် သတ်ခံရလဲဆိုတာတော့ ပြောရခက်တယ်။ ကိုကျော်ဆွေက လက်ရှိ စစ်တပ်လက်အောက်မှာ အုပ်ချုပ်ရေးမှူးတာဝန်ယူထားလို့လည်း ဖြစ်နိုင်တယ် တိတိကျကျတော့ ပြောဖို့ခက်တယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံခဲ့မှု ရှိခဲ့ပြီး ယခုတကြိမ် လုံးခင်းအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်တစ်လတာအတွင်း ဖားကန့်၊ မိုးညှင်း၊မြစ်ကြီးနားမြို့ စသည့်မြို့နယ်များမှ အကြောင်းအမျိုးမျိုးဖြင့် ပစ်သတ်ခံရသူ လူဦးရေ ၃၀ ဝန်းကျင်အထိ ရှိလာကြောင်းကို မှတ်တမ်းများအရ သိရသည်။
KNG ပေးပို့သည်