ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီခန့်က စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၈ ဦး ထိမှန်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်တစ်ဦးက “ပထမတကြိမ် လေယာဉ်လာတယ် မီးပိတ်တယ်။ ဒါပေမယ့် ဘာမှမဖြစ်ဘူးထင်ပြီး မီးပြန်ဖွင့်တယ်။ ဒုတိယတကြိမ်ကြတော့ လေယာဉ်နဲ့လာကြဲသွားတာပေါ့ ပေါင် ၅၀၀ ဗုံးနဲ့။ နေအိမ်လည်း တော်တော်များများ ပျက်စီးသွားတယ်။ သေဆုံးတဲ့အလောင်းကတော့ ၈ ယောက် တွေ့ပြီ။ ပျောက်နေတာလည်း ရှိသေးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်။ ဘာလို့ဆို စစ်ရှောင်စခန်းက သိတဲ့အတိုင်း တဲအိမ်တွေက ကပ်လျက်ပဲလေ၊ လူဦးရေလည်းများတော့ ထိခိုက်မှုများတယ်” ဟု ပြောသည်။
သေဆုံးသူများတွင် ကျောင်းတက်နေသည့်အရွယ် ကလေး ၆ ဦးအထိပါဝင်ပြီး အသက် ၄၀ အထက် အမျိုးသမီး ၂ ဦးပါဝင်ကြောင်း ကနဦး သိရသည်။
ပျောက်ဆုံးနေသူများရှိသလို အရပ်သားထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားသည်ဟု ဆိုသည်။

ပုံစာ – ဖယ်ခုံစစ်ဘေးရှောင်စခန်း လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခံရပြီးမြင်ကွင်း။
အဆိုပါ စစ်ဘေးရှောင်စခန်းရှိ နေအိမ် ၂၀ လုံး ထက်မနည်း ပျက်စီးသွားကြောင်း စစ်ရှောင်များက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းနှင့် အနီးအနားကို ယခင်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် ၇ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၀၀၀ ခန့်ရှိပြီး စာသင်နေသည့် ကျောင်းသားကလေး ၆၀၀ ဝန်းကျင်ရှိကြောင်းနှင့် သက်ကြီးရွယ်အိုများ၊ ကျောင်းနေအရွယ် ကလေးငယ်အများစု ခိုလှုံနေထိုင်ကြကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် လူသေဆုံးမှုနှင့် ထိခိုက်မှုအများဆုံးဖြစ်ပြီး ထိုစစ်ရှောင်စခန်းတွင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်မြို့တို့မှ လာရောက်စစ်ရှောင်နေထိုင်သူများဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ဒီးမော့ဆိုမြို့နယ်ထဲက နန်းမယ်ခုံမြို့ကို စစ်ကောင်စီ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့သေးသည်။
စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများဖြစ်ပြီး အရပ်သားများရှိရာ နေရာများကို စစ်ကောင်စီက ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူများက ပြောဆိုသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။