ပွင့်ဖြူနဲ့ စေတုတ္တရာအစပ် ကျေးရွာတွေထဲက စစ်ရှောင်ပြည်သူ ၉ ဦးကို စစ်ကောင်စီနဲ့ ပျူစောထီး ဖမ်းဆီး

By MPM 16 ဇူလိုင်, 2025 👁

မကွေးတိုင်း ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်မှ ကျေးရွာများကို စစ်ကောင်စီနှင့် ပျူစောထီးများ ဝင်ရောက်ပြီး ဒေသခံ စစ်ရှောင်ပြည်သူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် စေတုတ္တရာမြို့နယ် ခဲပစ်ကျေးရွာကို ဝင်ရောက်ပြီး စစ်ရှောင်ပြည်သူ ၉ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ ဘယ်ကနေ ဝင်လာမှန်းကို မသိလိုက်ဘူး။ ဖမ်းဆီးထားတဲ့သူတွေကို သူတို့ ဆင်လူးပျူရွာဘက်ကို ခေါ်သွားတယ်။ သေနတ်တွေနဲ့ ရမ်းပစ်လို့ ထိခိုက်တာတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ညောင်ကုန်းရွာ၊ ကျောက်ပုံရွာ၊ ခဲပစ်ရွာများမှဖြစ်ပြီး အမျိုးသမီးတစ်ဦးပါ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ခဲပစ်ကျေးရွာသို့ ဝင်ရောက် မွှေနှောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူငယ်တစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ခဲပစ်ကျေးရွာဘက်သို့ ဝင်လာသည့် စစ်ကြောင်းသည် စလင်းမြို့နယ် ကံပြားရွာဘက်မှလာခြင်းဖြစ်ပြီး ဆင်လူးရွာမှ ပျူစောထီးများအပါအဝင် အင်အား ၁၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။

သံလွင်တိုင်းမ်