ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ထိရောက်စွာ ဖြေရှင်းပေးရေး MPW တောင်းဆို

By MPM 27 ဖေ‌ဖော်ဝါရီ, 2026 👁 3

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေများတွင် အင်တာနက်ဖြတ်တောက်ခံနေရသဖြင့် သတင်းအချက်အလက် သိပိုင်ခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ပိတ်ပင်ခံနေကြရသည်။

ထိုသို့ နိုင်ငံတဝန်း ပြည်သူများကြုံနေရသည့် အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား နိုင်ငံတကာက ထိရောက်စွာဖြေရှင်းပေးရန် Myanmar Prison Witness (MPW) က တောင်းဆိုလိုက်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အနှံ့က မြို့နယ် ၁၃၂ ခုတွင် အင်တာနက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသည်။

ယင်းအထဲ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ မွန်၊ ရှမ်း (မြောက်)၊ မကွေးနှင့် ကယား စသည့် ဒေသများမှ မြို့နယ်များ ပါဝင်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှု ကာလ ၅၂ လကြာ မြင့်လာပြီဖြစ်ပြီး ဖြတ်တောက်ခံရမှု အကြာဆုံး ဒေသများဖြစ်ကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ပြည်ပရောက် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်မှုများ၊ ဒေသတွင်း ကုန်ဈေးနှုန်းကဲ့သို့ သတင်းအချက်အလက်များကိုပင် သိခွင့်မရဖြစ်နေကြောင်း ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့အရေး လိုင်းရတဲ့နေရာကို သွားဖို့လည်း လမ်းစရိတ်ကအစ အကျပ်အတည်းဖြစ်သလို သွားတိုင်းလည်း အဆင်ပြေပြေနဲ့ ပြီးသွားတယ်လို့ မရှိဘူး။ ကုန်ဈေးနှုန်း ဘယ်လောက်ရှိတယ် ဆိုတာမျိုးလည်း ဆက်သွယ်မေးဖို့ အဆင်မပြေတော့ ပုံမှန်ဈေးနှုန်းထက် ပိုပြီးများနေတာသိရက်နဲ့ ဈေးတင်ရောင်းတာကို ဝယ်နေရတာမျိုးတွေ ကြုံရတယ်” ဟု ရခိုင်ပြည်၊ တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ ပြည်သူများ၏ သတင်းအချက်အလက်သိပိုင်ခွင့်၊ သတင်း မီဒီယာများအား စီးနင်းခြင်း၊ လူထုသပိတ်များအား ဖြိုခွင်းခြင်း၊ အတင်းအဓ္ဓမဖမ်းဆီးခြင်းနှင့် ကာလရှည် ကြာ အင်တာနက်ဖြတ်တောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း MPW က ဆိုသည်။

အာဏာသိမ်းကာလအတွင်း သတင်းအချက်အလက်စီးဆင်းမှု ပိတ်ပင်ခြင်းနှင့်အတူ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများက သတင်းသမား ၂၇၉ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၀ ဦးမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အသံအဖွဲ့၏ အချက်အလက်ကို ကိုးကားပြီး MPW က ဖော်ပြသည်။

နိုင်ငံတဝန်း စစ်ကောင်စီက အရပ်သားနေထိုင်ရာ နေရာများအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ် နေခြင်းနှင့်အတူ ပြည်သူများ၏ သတင်းအချက်အလက်သိပိုင်ခွင့် မရခြင်းမှာ ထိခိုက်နစ်နာမှုများကို ပိုမိုဖြစ်စေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်အမျိုးသားတစ်ဦးက “လိုင်းမရတာတွေကြောင့် လူထုအနေနဲ့ သိသင့်တဲ့ အချက်အလက်တွေ မရဘူးဆိုရင် လေကြောင်းတိုက်ခိုက်မှုလို အရာတွေကို ပိုပြီးရှောင်နိုင်မှာ မဟုတ်ဘူး။ ရှောင်တိမ်းဖို့ အချိန်တောင်မရှိဘဲ လေယာဉ်က ကိုယ့်ခေါင်းပေါ်ရောက်မှ ငါတို့ ဒေသကို လေယာဉ်ဝဲနေပြီ ဆိုတာမျိုးသိရတာက အခုလက်ရှိဖြစ်နေသလို သေကြေပျက်စီးမှုဖြစ်ဖို့ကို ပိုပြီးတွန်းအားပေးရာ ရောက်တယ်” ဟု ပြောသည်။

ဒေသတွင်း လူမှုကူညီရေးအဖွဲ့များအနေဖြင့်လည်း ဆက်သွယ်ရေးအခက်အခဲများကြောင့် အရေးပေါ် အကူအညီလိုအပ်နေသည့် နေရာများအား အချိန်နှင့် တပြေးညီ ထောက်ပံ့ပေးရေးတွင် အခက်ကြုံနေကြရကြောင်း ပြောဆိုကြသည်။

လက်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေအချို့တွင် အချိန်ကန့်သတ်မှုဖြင့် ပြည်သူများအား စတားလင့် အင်တာနက်သုံးစွဲခွင့်ပြုပေးထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လုံခြုံရေး အခြေအနေများကြောင့် အဆင်မပြေမှုများ ရှိနေပြန်သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများမှာ အင်တာနက်ဖြတ်တောက်ခံရမှုဖြင့် ရင်ဆိုင်နေရကာ သတင်း အချက်အလက် သိပိုင်ခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်း ပိတ်ပင်ခံနေကြရသည်။

DMG