တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးများစခန်းကို ရိက္ခာပို့လာသည့် ငါးဖမ်းစက်လှေတစ်စီးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လောင်းလုံးမြို့နယ်၊ ပကဖအဖွဲ့တာဝန်ရှိသူက “စက်လှေပေါ်မှာ စစ်သားတွေလည်း ပါတယ်။ ဒီကျောက်နီမော်က ပျူစခန်းတွေအတွက် စားနပ်ရိက္ခာပို့ဖို့ ပါလာတယ်ကြားလို့ သွားတိုက်ခဲ့တာပါ။ လှေကတော့ ငါးဖမ်းစက်လှေပါ။ ရွာနားလေးကို မရောက်ခင်မှာပဲ တိုက်ခိုက်ခဲ့တာ” ဟု ပြောသည်။
ဧပြီ ၂၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်တွင် ထားဝယ်မြစ်ကြောင်းအတိုင်း ကျောက်နီမော်ကျေးရွာဘက်သို့ ဦးတည်မောင်းနှင်လာသော ငါးဖမ်းစက်လှေကို အဆိုပါကျေးရွာနားသို့ မရောက်ခင်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ငါးဖမ်းစက်လှေပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် နှင့် ကျောက်နီမော်ကျေးရွာရှိ ပျူစောထီး စခန်းကိုပေးပို့မည့် စားနပ်ရိက္ခာများ ပါရှိသည်ဟု သတင်းရရှိခဲ့ခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် – ပကဖအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
ထို့သို့ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများ ၁၅ မိနစ်ခန့်အကြာ ဖြစ်ပွားခဲ့သေး သည်ဟု အဆိုပါပကခအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
လောင်းလုံးမြို့နယ်၊ ပကဖအဖွဲ့တာဝန်ရှိသူက “ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၅ လုံးပစ်တာ ၂ လုံးပဲ ထိတယ်။ တစ်လုံးက လှေခေါင်းပိုင်းကိုထိပြီး နောက်တစ်လုံးကတော့ လှေကို တည့်တည့်ထိတယ်၊ ထိခိုက်သေဆုံးတာ တော့ ရှိမှာပါ။ နောက်ဆက်တွဲကို စုံစမ်းနေတုန်းပဲ” ဟု ပြောသည်။
လောင်းလုံးမြို့နယ်၊ ပကဖအဖွဲ့ဘက်တွင် ထိခိုက်မှု မရှိသော်လည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးဘူးဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ခဲ့ပြီးနောက် ငါးဖမ်းစက်လှေကို ကျောက်နီမော်ကျေးရွာဘက်သို့ အရှိန်ကုန်မြှင့်၍ မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ထားဝယ်မြို့ဘက်မှ ကျောက်နီမော်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်ပါ စက်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ဖူးသေးသည်။
NMG ပေးပို့သည်။