မကွေးတိုင်း ပေါက်မြို့နယ်က နေအိမ်အလုံး ၂၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်လက်အောက်ခံတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းက ပေါက်မြို့နယ် တယ်ပင်ကန်ရွာကို အာဏာသိမ်းစစ်တပ် လက်အောက်ခံတွေနဲ့ ယာကြီးပြင်ကျေးရွာ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးသွားတာပါ။
မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် အလုံး၂၀ ခန့်နဲ့ နွားဇောင်းတဲ ၂၂ လုံးကျော် တခြား အဆောက်အဦ ၁၂ လုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူတွေနဲ့ပတ်သက်ပြီး ပေါက်မြို့နယ် လူမှုရေးရာ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာန တာဝန်ရှိသူတစ်ဦးက “စစ်ရှောင်တွေမှာ လေကြောင်း လက်နက်အန္တရာယ် ရင်ဆိုင်နေရတယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ Y- 12 တွေနဲ့ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်က လက်နက်ကြီးနဲ့ နေ့ည အဆက်မပြတ်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ရေ အရေးပေါ်လိုအပ်နေပြီး ရေထုတ်ဖို့အသုံးပြုတဲ့ ဆိုလာပန့်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်က ဆိပ်ဖြူ ကပစ ၂၂ ကနေ အင်အား ၃၀၀ ကျော်နဲ့ ယာဉ် ၂၉ စီးပါ စစ်ကြောင်းကြောင့် ပေါက်မြို့နယ် တောင်ပိုင်း ပုသိမ်-မုံရွာလမ်းတလျှောက်မှာရှိတဲ့ အိမ်ထောင်စု ၁၀၀၀ ကျော်က လူဦးရေ ၅၅၀၀ နီးပါးစစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်