ပေါက်တော်မြို့နယ် ဂန်းကျားရွာက လူသတ်မှုအတွက် တရားရုံးဆုံးဖြတ်ချက် မိသားစုဝင်များ လက်မခံ

By MPM 7 ဇန်နဝါရီ, 2026 👁 4

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဂန်းကျားကျေးရွာတွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး တစ်နှစ်ခန့်အကြာတွင် ULA တရားရုံးက ဆုံးဖြတ်ခဲ့မှုအပေါ် မိသားစုဝင်က လက်မခံသဖြင့် အယူခံ ဆက်လက်ဝင်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူ ၃ ဦးရှိသော်လည်း ၂ ဦးကိုသာ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းကို ပြန်လွှတ်ပေးခဲ့ခြင်းအပေါ် မိသားစုဝင်များက မကျေမနပ်ဖြစ်နေကြသည်။

“ကျနော့်ညီက အုပ်ချုပ်ရေမှူးအိမ်မှာ အဖမ်းခံထားရတုန်း သူတို့နှိပ်စက်မှုကြောင့် သေသွားတာပါ။ အုပ်ချုပ်ရေးမှူးက အဓိက တာဝန်ရှိသူဖြစ်ပါလျက်နဲ့ အခုလိုလွတ်သွားတာဟာ ဥပဒေအရ တရားမျှတမှုမရှိဘူးလို့ ခံစားရတယ်။ ကျူးလွန်သူအားလုံးကို ထိုက်တန်တဲ့ပြစ်ဒဏ် ရစေချင်ပါတယ်” ဟု သေဆုံးသူ ဦးသိန်းထွန်းလှိုင်၏အစ်ကို ဦးသန်းထွန်းလှိုင်က DMG ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက် ည ၇ နာရီခန့်တွင် ဦးသိန်းထွန်းလှိုင်မှာ ၎င်း၏ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အုပ်ချုပ်ရေးမှူးနေအိမ်တွင် ဖမ်းဆီးချုပ်နှောင်ထားစဉ် ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ ဦးသိန်းထွန်းလှိုင်မှာ အုပ်ချုပ်ရေးမှူးနေအိမ်၌ပင် သေဆုံးသွားခဲ့သည်။

၎င်းသေဆုံးပြီး နောက်တစ်နေ့ နံနက် ၅ နာရီခန့်တွင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် အလောင်းကို စက်လှေဖြင့်တင်ဆောင်ကာ မြစ်ထဲသို့စွန့်ပစ်ရန် ကြိုးပမ်းခဲ့သည်ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူကပြောသည်။

“ကျနော့်ညီအလောင်းကို စက်လှေမှာတင်ပြီးတော့ မြစ်ထဲကို ယူသွားကြတယ်။ အဲဒါကို ရွာကလူတွေက တွေ့သွားတာ။ ရွာကလူတွေပြောတာကတော့ အလောင်းကို မြစ်ထဲမှာပစ်ချပြီး သက်သေဖျောက်ဖျက်ဖို့လုပ်တာကို လူတွေတွေ့သွားလို့ အထမမြောက်ခဲ့တာလို့ သိရတယ်” ဟု ဦးသန်းထွန်းလှိုင်က ပြောသည်။

ဦးသိန်းထွန်းလှိုင် သေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းနှင့်အတူ အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်တွင် ULA တရားရုံးထံ၌ အမှုဖွင့် တိုင်ကြားခဲ့သည်။

အမှုကို တစ်နှစ်ခန့်ကြာ စစ်ဆေးပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ULA တရားရုံးက ဦးသန်းထွန်းအောင်နှင့် ဦးထွန်းအေးငွေတို့ကို လူသတ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။

သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းမှာ အမှုမှ အပြီးတိုင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ULA ၏ တရားရေးဌာနနှင့်နီးစပ်သူ ရှေ့နေတစ်ဦးက “တရားဥပဒေအရကြည့်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးဟာ အခင်းဖြစ်ပွားချိန်မှာ သူ့အိမ်မှာတင်ရှိနေတာ။ ဖမ်းဆီးဖို့ညွှန်ကြားတာနဲ့ အလောင်းကိုဖျောက်ဖျက်ဖို့ ကြိုးစားရာမှာ ပါဝင်တာတွေဟာ ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု သို့မဟုတ် ပြစ်မှုကျူးလွန်ရန် ဘုံရည်ရွယ်ချက်ရှိမှု မြောက်၊ မမြောက် သေချာစိစစ်ဖို့ လိုအပ်ပါတယ်” ဟု သုံးသပ်သည်။

သေဆုံးသူ ဦးသိန်းထွန်းလှိုင်မှာ မင်ပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာ ဇာတိဖြစ်ပြီး ပေါက်တောမြို့နယ် ဂန်းကျားကျေးရွာတွင် အိမ်ထောင်ကျနေသူဖြစ်သည်။

သေဆုံးချိန်တွင် ၎င်း၏အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်ဖြင့်ကျန်ခဲ့ပြီး ယခုအခါ ကလေးမွေးဖွားထားပြီဖြစ်သည်။

လက်ရှိတွင် ဦးသိန်းထွန်းလှိုင် သေဆုံးခဲ့ရသည့် အမှုနှင့်ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကို လက်မခံသဖြင့် အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ရောက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သေဆုံးသူ ဦးသိန်းထွန်းလှိုင်၏ မိသားစုဝင်များက ပြောသည်။

DMG