ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ စစ်အင်အားအလုံးအရင်းနှင့် ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မေလ ၉ ရက်နေ့က ပူတာအိုဘက်ကနေ တက်လာသည့် စစ်အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့တွင် ဆွမ်ပီယန်ကျေးရွာထဲကို ဝင်ရောက်ရှိလာပြီး ကျေးရွာအတွင်း ပြည်သူပိုင်နေရာများတွင် တပ်စွဲ နေထိုင်ထားသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူများသည် ကျေးရွာ အတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြတာကြောင့် တိမ်းရှောင်ထွက်ပြေး နေကြသည်ဟု ဆွမ်ပီယန်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“တနေရာထဲမှာပဲ စုပြုံပြီး တိမ်းရှောင်နေကြတာလည်း မဟုတ်ဘူး။ တစ်ကွဲတပြားစီ တိမ်းရှောင်နေကြတယ်။ ဒီအပေါ်မှာ KIA ဘက်ကတော့ တိမ်းရှောင်ကြပါလို့ ပြောတာတော့ မရှိဘူး။ ဒါပေမယ့် ဝဒတ်ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုတာကြောင့် သူတို့လည်း အဲလိုဖြစ်မှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိ၌ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ရွာထဲရှိ နေအိမ်တံခါးများကို စစ်ကောင်စီ တပ်က ရိုက်ချိုးဖျက်ဆီးပြီး မွှေနှောက်ရှာဖွေတာ အိမ်မွေးတိရိစ္ဆာန်များကို ပစ်သတ်စားတာကို လုပ်ဆောင်နေ သည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းသည် မေလ ၁၀ ရက်နေ့က စစ်ကြောင်းချီလာရာ လမ်းကြောင်းရှိ တန်ဂျာရွာနဲ့ ၁ မိုင်ခန့်အကွာ အင်ဒေါင်ဘွမ့် (N-dawng Bum) နှင့် ခေါဘွမ့် (Hkau Bum) ကြားတွင် KIA တပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှု ရှိခဲ့တာကြောင့် ဆွမ်ပီယန်ကျေးရွာသို့ မရောက်မှီ ဝဒတ်ကျေးရွာက ဒေသခံပြည်သူတချို့ကို ဆွမ်ပီယန်ကျေးရွာ ရောက်သည့်အထိ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဆွမ်ပီယန်ဒေသခံများက ပြောသည်။
ထိုအခြေအနေကြောင့် ဆွမ်ပီယန်ဒေသခံများသည် ရွာထဲကို စစ်ကြောင်းဝင်ရောက်လာသည်နှင့် တစ်ရွာလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်မှာ ၃ ရက် ကြာမြင့်လာပြီ ဖြစ်သညိ
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဝဒတ်ဒေသခံများကို စစ်ကောင်စီက မေလ ၁၁ ရက်နေ့ ညနေပိုင်း ဆွမ်ပီယန် ကျေးရွာသို့ရောက်သည်နှင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
တဖက်တွင်လည်း ဆွမ်ပီယန်ကျေးရွာထဲကို စစ်အင်အားလုံးအရင်း စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် မေလ ၁၁ ရက်နေ့ ညပိုင်း၌ KIA တပ်များက ဒရုန်းနှင့်သွားရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ဆွမ်ပီယန်ကျေးရွာသည် ပူတာအိုနှင့် ဆွမ်ပရာဘွမ့် အစပ်မှာရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် KIA တပ်အကြား စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော ဒေသတစ်ခု ဖြစ်သည်။
ဆွမ်ပီယန်ကျေးရွာတွင် ဝဒတ်၊ အင်ဒူယန်၊ အင်စီးယန် အင်ဆိုင်းယန်၊ ခင်ဒူပါ စသည့် ကျေးရွာအငယ်များ ပါဝင်သည့် ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၁၈၀ နှင့် လူဦးရေ တစ်ထောင်ကျော် နေထိုင်သည့် ကျေးရွာလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်နှင့် KIA တပ် အကြား လရှည်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဆွမ်ပီယန်ဒေသခံ ပြည်သူများသည် ၃ လ နီးပါးကြာ စစ်ဘေးရှောင်ခဲ့ကြရပြီး နေရပ်ကျေးရွာထဲကို ပြန်လည် နေထိုင်ပြီး တစ်နှစ်ကျော်အကြာ၌ ယခုလိုတဖန် ပြန်လည်တိမ်းရှောင်ရတာလည်း ဖြစ်သည်။
KNG ပေးပို့သည်။