တနင်္သာရီ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာလမ်းဆုံမှာ ပလုံကောက်တဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ ပုလောမြို အမှတ် (၁) ရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် ဒေါ်လှလှဝေဟာ မိသားစုစားဝတ်နေရးအတွက် စွန့်ပစ်အမှိုက်တွေကနေ ရေသန့်ဘူးနဲ့ အအေးဘူးခွံ၊ ဘီယာဘူးခွံတို့ လိုက်ကောက်စဉ် မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေါ်လှလှဝေဟာ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာတွေရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ကာ ဒေသခံတွေကတော့ သူကို ပုလောပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာလမ်းဆုံဟာ အာဏာသိမ်းစစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေပါ စစ်ရေးလှုပ်ရှားတဲ့ ဒေသလည်းဖြစ်ပါတယ်။
ဒါပေယ့် ဒီမြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အပေါ် နှစ်ဖက်အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
တောင်ယာကမ်းကျေးရွာလမ်းဆုံမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေဟာ အဲဒီအနီးပတ်ဝန်းကျင်တွေကိုပင် သွားလာဖို့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း မြေမြှုပ်မိုင်းကြောင့် ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်