ပထမအသုတ်မဲပေးမှုတွင် အကျပ်ကိုင်မှုများကြောင့် ရွေးကောက်ပွဲက တရားမဝင်ကြောင်း ဖော်ပြနေဟု ကုလကိုယ်စားလှယ် ပြော

By MPM 9 ဇန်နဝါရီ, 2026 👁 4

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပယ်ချရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းလိုက်သည်။

ပထမအကျော့ မဲပေးမှုများတွင် အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုနှင့် ထုတ်ပယ်ခြင်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရှိရပြီးနောက် စစ်ကော်မရှင်အား ဝိုင်းပယ်ရန် ကြိုးပမ်းမှုများကို နှစ်ဆတိုးမြှင့်ရန်နှင့် ရွေးကောက်ပွဲကို ရပ်ဆိုင်းရန် စစ်ခေါင်းဆောင်များအား ဖိအားပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။

မြန်မာစစ်ကော်မရှင်က တရားဝင်ကြောင်း ပြောကြားနေသည့် ‘ရွေးကောက်ပွဲ’ ၏ ပထမအကျော့ မဲပေးမှုရလဒ်များကလည်း ကြိုတင်စီမံထားသည့်ရလဒ်များသာဖြစ်ကြောင်း အင်ဒရူးက ပြောကြားခဲ့သည်။

“မည်သည့်စံနှုန်းဖြင့်ကြည့်သည်ဖြစ်စေ၊ လွတ်လပ်၍ တရားမျှတသော (သို့မဟုတ်) တရားဝင်သော ရွေးကောက်ပွဲမဟုတ်ဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားရန် ဖန်တီးထားပြီး မြန်မာပြည်သူများ ပါဝင်လာစေရန် အကြီးအကျယ် ဖိအားပေးခဲ့သည့် ပြဇာတ်တခုသာဖြစ်သည်” ဟု ၎င်းက ထုတ်ပြန်ချက် တွင် ပြောကြားထားသည်။

ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် စစ်ကော်မရှင်၏ အတင်းအကျပ် ဖိအားပေးမှုများနှင့် တုံ့ပြန်အရေးယူခံရမည်ကို စိုးရိမ်ကြောက်လန့်မှုများ ရှိနေသော်လည်း မဲပေးသူဦးရေ အလွန်နည်းပါးခဲ့သည်။

၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲများတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ စစ်ကော်မရှင်၏ ဖျက်သိမ်းခံခဲ့ရသဖြင့် မပါဝင်ခဲ့ပေ။

အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းချိန်မှစ၍ စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ သူမအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်နှင့် ၎င်း၏အခြေအနေများကို မသိရှိရသေးပေ။

တရားဝင်ထုတ်ပြန်သည့် ရလဒ်များအရ စစ်ကော်မရှင်၏ ကိုယ်ပွားပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်သည့် အမတ်နေရာများ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို အနိုင်ရရှိခဲ့သည်။

နောက်ထပ် မဲပေးမှုများကို ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

စစ်ကော်မရှင်က မြို့နယ်ပေါင်း ၆၅ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ထောင်နှင့်ချီ၍ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ကြိုတင်ထုတ်ပြန်ထားရာ၊ ယင်းအချက်သည် နိုင်ငံ၏ နေရာအနှံ့အပြားတွင် စစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်းကို ထင်ဟပ်နေသည်။

စစ်ကော်မရှင် တာဝန်ရှိသူများသည် စစ်ဘေးရှောင်များ၊ ကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အကျဉ်းသားများနှင့် သာမန်ပြည်သူများကို ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် လူသားချင်းစာနာမှု အကူအညီများ၊ ပညာသင်ကြားခွင့်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက်အထားများနှင့် အခြားသော အစိုးရဝန်ဆောင်မှုများကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်၍ ဖိအားပေးခဲ့သည်။

လူငယ်များကို မဲလာမပေးပါက စစ်မှုထမ်းရမည်ဟု စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ခဲ့ပြီး၊ ယင်းမှာ နိုင်ငံရေးအရ ပါဝင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အကျပ်ကိုင်ခြင်းသာဖြစ်ကြောင်း တွမ်အင်ဒရူးက ဆိုသည်။

ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်ထဲရောက်နေပြီး၊ ခိုင်မာသော အတိုက်အခံပါတီများ ဖျက်သိမ်းခံထားရကာ၊ သတင်းသမားများကို နှုတ်ပိတ်ထားပြီး အခြေခံလွတ်လပ်ခွင့်များ ချုပ်ငြိမ်းနေချိန်တွင် လွတ်လပ်၍ တရားမျှတသော၊ (သို့မဟုတ်) ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲတခု မရှိနိုင်ပါဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“စစ်ကော်မရှင်က ဒီမိုကရေစီနည်းကျ ပါဝင်ဆောင်ရွက်ခွင့် အခြေခံအုတ်မြစ်တွေကို ဖြိုခွင်းဖို့ ငါးနှစ်နီးပါး အချိန်ယူခဲ့ပြီး အခုကျတော့ ရယ်ဖွယ်ကောင်းတဲ့ အနှစ်သာရမဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာက အသိအမှတ်ပြုဖို့ ကြိုးပမ်းနေပြန်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ကန့်ကွက်ခြင်းများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ပြင်းထန်လှသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် လူပေါင်း ၂၀ဝ ကျော်ကို တရားစွဲဆိုထားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ထောင်ဒဏ် ၄၉ နှစ်အထိ အပြစ်ပေးခံနေရနိုင်သည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် လူထုကို မဲရုံများသို့ လာရောက်စေရန် ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှုများ ပြုလုပ်နေသည့် ခိုင်လုံသော အထောက်အထားများ ပိုမိုထွက်ပေါ်လာနေခြင်းအပေါ် မိမိအနေဖြင့် များစွာစိုးရိမ်မိကြောင်း အင်ဒရူးက ပြောကြားခဲ့သည်။

“စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ ပါတီ (USDP) က ပထမအကျော့မှာ အပြတ်အသတ် အနိုင်ရတယ်လို့ ကြေညာတာကို ဘယ်သူ့ကိုမှ မအံ့သြပါဘူး” ဟု အထူးကိုယ်စားလှယ်က ဆိုသည်။

စစ်ကော်မရှင်က ယင်းတို့၏ ကိုယ်ပွားပါတီ အနိုင်ရစေရန်၊ မြန်မာတွင် စစ်တပ်၏ လွှမ်းမိုးမှုကို အခိုင်အမာတည်ဆောက်ရန်နှင့် အကြမ်းဖက်ဖိနှိပ်မှုများ ဆက်လက်ရှိနေသော်လည်း ၎င်းတို့တွင် တရားဝင်မှု ရှိသယောင်ဟန်ပြရန်အတွက် ရွေးကောက်ပွဲကို စီမံဖန်တီးထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်း စစ်ကော်မရှင်က ခန့်အပ်ထားသည့် ရွေးကောက်ပွဲအရာရှိများ၏ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် လူအသေအပျောက်များရှိခဲ့သည့် သတင်းများနှင့် ပတ်သက်၍လည်း အရပ်ဘက်အရာရှိများကို ပစ်မှတ်ထားခြင်းနှင့် အရပ်သားများကို ဘေးဒုက္ခဖြစ်စေမည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ကြရန် လက်နက်ကိုင်အဖွဲ့အားလုံးကို အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။

“ဘယ်လို လက်နက်ကိုင်အဖွဲ့မျိုးကပဲ ဖြစ်ဖြစ် အရပ်သားတွေအပေါ် တိုက်ခိုက်တာက တရားမဝင်သလို၊ လက်ခံနိုင်စရာလည်း မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

အထူးကိုယ်စားလှယ်က ရွေးကောက်ပွဲကို လက်မခံကြောင်း ကြိုတင်အသိပေးထားသည့် အစိုးရများကို ချီးကျူးစကားဆိုခဲ့ပြီး၊ တဖက်တွင်လည်း ပထမအကျော့ မဲပေးမှုကို စောင့်ကြည့်ရန် လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့သည့် နိုင်ငံအနည်းငယ်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ စေလွှတ်ခြင်းသည် အတုအယောင်ရွေးကောက်ပွဲကို တရားဝင်သယောင်ဖြစ်စေသည်ဟု ၎င်းက ဆိုသည်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုထောက်ခံတဲ့ အစိုးရတွေအနေနဲ့ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ထင်ဟပ်စေမယ့် စစ်မှန်တဲ့ ရွေးကောက်ပွဲတခုနဲ့ ထိုက်တန်တဲ့ မြန်မာပြည်သူတွေအတွက် ခိုင်မာပြတ်သားတဲ့၊ မူဝါဒအခြေခံတဲ့ လူထုရပ်တည်ချက်တရပ်ကို ထုတ်ဖော်ပြသသင့်ပါတယ်။ အခုကျင်းပနေတဲ့ ရယ်စရာရွေးကောက်ပွဲကတော့ စစ်မှန်တဲ့ရွေးကောက်ပွဲနဲ့ လုံးဝ မတူပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်က ပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်၊ နှုတ်ပိတ်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်နေသူတွေရဲ့ လက်ထဲမှာမရှိဘဲ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှင်းရှင်းလင်းလင်း ပြသရပါမယ်” ဟု တွမ်အင်ဒရူးက ဆိုခဲ့သည်။

မဇ္ဈိမ