သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ရွာသား ၇ ဦးကို ဖမ်းသွားပြီး ၁ ဦး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတို့က လုံခန်ရွာ ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားပြီး ၁ ဦးကို သတ်ဖြတ်ခဲ့သည့်အကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အားလုံးက လုံခန်ရွာသားတွေပဲဖြစ်တယ်၊ စစ်ကောင်စီစစ်ကြောင်း ရွာထဲဝင်လာတဲ့အချိန်မှာ ဖမ်းခံရတာဖြစ်ပြီးတော့ စုစုပေါင်း ၇ ဦး ဖမ်းခံရတယ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ ၆ ယောက် ပြန်လွှတ်လာပြီးတော့ ၁ ယောက်က ပါမလာဘူး၊ သူတို့ ရှင်းပစ်လိုက်ပြီလို့ ပြောတယ်” ဟု အမည်မဖော်လို ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် ရွာသား ၇ ဦးအနက် ၁ ဦးကို ရှင်းပစ်လိုက်ပြီဟု စစ်ကောင်စီတပ်သားများကိုယ်တိုင်က ပြန်လွှတ်လာသည့် ရွာသား ၆ ဦးကို ပြောဆိုခဲ့သည့်အကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အသတ်ခံလိုက်ရသည့် ရွာသား၏ ရုပ်အလောင်းကို ပြန်မတွေ့ရသေးသော်လည်း ရွာ၏ အနီးပတ်ဝန်းကျင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် ရွာသားများလည်း သွားရောက်ရှာဖွေခြင်း မပြုရဲသေးပေ။
တိုက်ပွဲဖြစ်ပွားစဥ်အတွင်း စစ်ကောင်စီတို့၏ တိုက်လေယာဥ်အသုံးပြု ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လုံခန်ရွာ ဘုန်းကြီးကျောင်းနှင့် စေတီများ ထိခိုက်ပျက်စီးရသည့်အပြင် ဒေသခံရွာသားတို့၏ နေအိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးရကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းများ ရွာထဲ ဝင်လာချိန်တွင် စစ်သားများက နေအိမ်များ၊ ဆိုင်များကို ဖောက်ထွင်းဝင်ရောက် မွှေနှောက်ခဲ့ကြောင်း၊ ဒေသခံနေအိမ် ၂၀ ထက်မနည်း ပစ္စည်းများလည်း ခိုးယူခံရကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။
“စေတီတွေ ကျောင်းကန်တွေကတော့ ရစရာ မရှိတော့ဘူး အားလုံးနီးပါး ပျက်စီးတယ်၊ ပြီးတော့ အိမ် ၂ လုံးလည်း အိမ်ခေါင်မိုးကနေ ပျက်သွားတာ၊ တခြား ဖောက်ထွင်းခံရတဲ့ အိမ် ၂၀ ထက်မနည်း၊ ဥစ္စာပစ္စည်းတွေ ခိုးခံရတယ်၊ ပျက်စီးတဲ့ အိမ်တွေ အဆောက်အဦးတွေ ပြန်လည်ပြုပြင်ဖို့ အကူအညီတွေ ထောက်ပံ့မှုတွေရရင် ကောင်းမှာ” ဟု ၎င်းက ဆိုသည်။
ထိတွေ့တိုက်ပွဲများ ငြိမ်သက်သွားသည့် အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်တို့က စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်သွားခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ်ကြေညာထားသော်လည်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
သျှမ်းသံတော်ဆင့် – ပေးပို့သည်။