နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ မြို့နယ်တွေ ထပ်တိုးပေးဖို့ NSCN-K (AM) နဲ့ NSPNC တို့ဆွေးနွေး

By MPM 23 အောက်တိုဘာ, 2026 👁 46

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ တခြားမြို့နယ်များကို ထပ်မံထည့်သွင်းနိုင်ရေးနဲ့ ကျေးရွာအုပ်စုများကို မြို့အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအတွက် (၂၀၀၈) ဥပဒေနဲ့အညီ လွှတ်တော်မှာ တင်သွင်းနိုင်ဖို့ NSCN-K (AM) အဖွဲ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) တို့ဟာ အောက်တိုဘာ ၂၂ ရက်၊ နံနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သူတို့အဖွဲ့ဟာ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း၊လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းတိုးတက်မှု နောက်ကျကျန်ခဲ့တာမရှိစေရေးအတွက် အစိုးရနဲ့ ပူးပေါင်းသွားမှာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မြို့ပြအင်္ဂါရပ်နဲ့အညီ လျှပ်စစ်မီး၊ ရေရရှိရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်မဲ့ အခွင့်အလမ်းတွေပွင့်လာနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ ဦးစီးဌာနများရဲ့ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများနဲ့ အညီဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

NSPNC ဘက်က  နာဂအဖွဲ့ကို ဒေသတွင်းက စစ်တပ်အပြင် အစိုးရဌာနများနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့လိုကြောင်းနဲ့ ( NSCN-K) (AM) ရဲ့ အောက်ခြေ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေနဲ့  ငြိမ်းချမ်းရေးထိခိုက်စေနိုင်တဲ့အပြုအမူများ မပြုလုပ်စေဘဲ စနစ်တကျ ကြပ်မတ်ပေးစေလိုကြောင်းတို့ကို ဆွေးနွေးခဲ့ကြတာပါ။

လက်ရှိမှာတော့ ဆွေးနွေးမှုများအရ NSPNC နဲ့ တွေ့ဆုံမှုဟာ ယခုအခါ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေ ထည့်သွင်းဖို့ ဦးသိန်းစိန်အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွေမှာ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

ရှမ်းနီအသံ